ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ကျောင်းဆရာ၊ ဆရာမတွေကို စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် သင်တန်းပေးနေတယ်လို့ ပညာရေးအသိုက်အဝန်းက ပြောပါတယ်။
တသုတ်ကို ဆရာ၊ ဆရာမအယောက် ၃၀ နှုန်းနဲ့ အသုတ်လိုက်ခွဲကာ ပုသိမ်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးမှာ စက်တင်ဘာ ပထမအပတ်က စတင် သင်တန်းပေးနေတာလို့ ဆိုပါတယ်။
“ရက်တို သင်တန်းပေးနေတာလို့ သိရတယ်။ ရွေးကောက်ပွဲလုပ်ဖို့ သန်းခေါင်းစာရင်း ကောက်ဖို့အတွက်လို့ ပြောတယ်။ လောလောဆယ်တော့ ပုသိမ်မြို့ပေါ်နဲ့ ရပ်ကွက်တွေက ဆရာ၊ ဆရာမေတွေကို သင်တန်းပေးနေတယ်။ ထွေအုပ်နဲ့ လဝကရုံးက ပညာရေးမှူးရုံးကို ဖိအားပေး သင်တန်းတက်ခိုင်းတာပေါ့၊ မဖြစ်မနေတက်ရတာ” လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ပုသိမ် လဝကရုံးနဲ့ နီးစပ်သူတယောက်က “တိုင်းအဆင့် ညွှန်ကြားချက်နဲ့ ခရိုင်နဲ့ မြို့နယ်ပညာရေးမှူးတွေ၊ ခရိုင်နဲ့မြို့နယ် ထွေအုပ်တွေ၊ ခရိုင်နဲ့ မြို့နယ် လဝကရုံး ဦးစီးမှူးတွေက လုပ်တာ။ သင်တန်း ပေးပြီးတာနဲ့ သန်းခေါင်စာရင်းကောက်ရမှာပါ။ ကိုယ့်တိုင်းက မြန်မြန်ဆောင်ရွက်ပေးနိုင်ဖို့ ဆရာ၊ ဆရာမတွေကို အထက်အဆင့်ဆင့်က ဖိအားပေးနေတာ” လို့ ပြောပါတယ်။
သန်းခေါင်စာရင်း ကောက်ဖို့အတွက် ဆရာ၊ ဆရာမတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သင်တန်းတက်ဖို့ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) က ဦးဆောင်ပြီး ၇ ရက်သင်တန်းပေးနေတာလို့ သိရပါတယ်။
စစ်ခေါင်းဆောင်က လာမယ့် အောက်တိုဘာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူမှာဖြစ်လို့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ စစ်ကောင်စီ လက်အောက်ခံ ပြည်တွင်း ရုပ်မြင်သံကြားလိုင်း MWD နဲ့ MRTV ကတဆင့် ပြောကြားထားပါတယ်။