Home
မြန်မာသတင်း
မွန်ပြည်နယ်၌ သန်းခေါင်စာရင်းကောက်ရာတွင် ပူးပေါင်းပါဝင်သူများကို  အရေးယူမည်ဟု သတိပေး
DVB
·
September 11, 2024

မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူဖို့ စီစဉ်နေ တာမှာ ပူးပေါင်းပါဝင်သူတွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ မွန်တော်လှန်ရေးအဖွဲ့တွေက သတိပေးလိုက်ပါတယ်။

မွန်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် ကောက်ကွက်ပေါင်း ၃၆၀၀၊ ကောက်ယူသူ ၁၂၀၀ ကျော်နဲ့ စာရင်းကောက်သွားယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားပါတယ်။ 

မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ရွေး‌ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာလည်း သန်းခေါင်စာရင်း စတင်ကောက်ယူဖို့ လုပ်ငန်းအသေးစိတ် ရေးဆွဲထားပြီး ဖြစ်ပါတယ်။

လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် ခရိုင်၊ မြို့နယ်အလိုက် နည်းပြသင်တန်း ဖွင့်လှစ်တာ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် အသိပညာပေး ပိုစတာနဲ့ ဆိုင်းဘုတ်စိုက်ထူတာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ။

၂၀၂၄ ခုနှစ်ရဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ ကောက်ယူရေးအဖွဲ့ရဲ့ မေးမြန်းတဲ့ မေးခွန်းတွေကို တိတိကျကျ ဖြေကြားပေးဖို့ စစ်ကောင်စီဘက်က တိုက်တွန်းစည်းရုံးတွေတာတွေ ရှိနေပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပါဝင်ကူညီသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့  DVBကို ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်ရဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုတော့ လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူသွားဖို့ ပြင်ဆင်ထားပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမှုဟာ ပြည်သူ့ဝန်ဆောင်မှုနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေအတွက် မဟုတ်ဘဲ စစ်ကောင်စီရဲ့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲအတွက်သာ ဖြစ်တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက ထောက်ပြပါတယ်။

မွန်ပြည်နယ်မှာတော့ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနဲ့ ရေးမြို့နယ်တို့မှာ စစ်ကောင်စီဘက်က သန်းခေါင်စာရင်း အပြည့်အဝ ကောက်ယူနိုင်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။

စစ်ကောင်စီကတော့ သန်းခေါင်စာရင်း ကောက်ယူရာမှာ လုံခြုံရေး အခက်အခဲရှိတဲ့ ဒေသတွေကို စာရင်းကောက်ယူရေး ရက်ထပ်မံတိုးမြှင့်ပြီး စစ်တပ်လုံခြုံရေးနဲ့ စာရင်းကောက်ယူသွားဖို့ ညွှန်ကြားထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းကလည်း သန်းခေါင်စာရင်း ကောက်ယူပြီး ရွေးကောက်ပွဲကျင်းပမယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကို တော်လှန်ရေးအင်အားစုတွေကလည်း စစ်ရေး၊ နိုင်ငံရေးအပြင် နည်းလမ်းမျိုးစုံနဲ့ တားဆီးမှာ ဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ကြဖို့ တိုက်တွန်းတာပါ။

စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ်အတွင်း မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်ယူပြီး လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ရည်မှန်းထားပါတယ်။

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်းရှိ လူဦးရေ သုံးသန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ် ၉၀၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရပါတယ်။

မွန်ပြည်နယ်မှာတော့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ကောင်စီဘက်က ခန့်မှန်းထုတ်ပြန်တဲ့ လူဦးရေစာရင်းအရ အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၁ ဒသမ ၉ သန်းကျော် ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024