Home
မြန်မာသတင်း
မွန်ပြည်နယ်က မျောက်ကျောက်ရောဂါ သံသယလူနာ ရောဂါပိုးမတွေ့
DVB
·
September 7, 2024
ကျိုက်ထိုပြည်သူ့ဆေးရုံ

မွန်ပြည်နယ်မှာတွေ့ခဲ့ရတဲ့ မျောက်ကျောက် သံသယလူနာဆီမှာ ရောဂါပိုးမတွေ့ရဘဲ လူနာရဲ့ ကိုယ်ခံအားကျဆင်းနေတဲ့ ရောဂါကြောင့်ဖြစ်ပေါ်နေတဲ့ နောက်ဆက်တွဲအရေပြားရောဂါ ဖြစ်တယ်လို့ စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၆ ရက် ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၅ ရက် ညနေက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် စစ်ဆေးရေးဂိတ်မှာ ဘားအံကလာတဲ့ မှန်လုံကားတစီးပေါ်က အသက် ၄၅ နှစ်အရွယ် အမျိုးသားတယောက်ဟာ ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ မျက်နှာနဲ့ အရေပြားပေါ်မှာ အရည်ကြည်ဖုနဲ့ အသားဖုတွေထွက်တဲ့ လက္ခဏာတွေ တွေ့ရတာဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံရဲ့ သီးသန့်လူနာဆောင်မှာထားပြီး မျောက်ကျောက်ရောဂါနဲ့ ရေကျောက်ရောဂါ စမ်းသပ်စစ်ဆေးတာ၊ လိုအပ်တဲ့ ဆေးကုသပေးရာမှာ ဆေးစစ်ချက်အဖြေအရ ကိုယ်ခံအားအလွန်ကျဆင်းနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းတွေက လူနာနဲ့အတူ ခရီးသည်တင်မော်တော်ယာဉ်မှာ အတူလိုက်ပါလာသူ ခရီးသည် ၄၆ ယောက်တို့ကို တယောက်ချင်းစီ အထွေထွေကျန်းမာရေးစစ်ဆေးခဲ့သလို ကျန်းမာရေးအသိပညာပေးတာတွေ လုပ်ခဲ့ပြီး သံသယရောဂါ လက္ခဏာရှိသူ မတွေ့ရတာကြောင့် အဲဒီခရီးသည်တွေရဲ့ အချက်အလက်တွေကို ရယူထားပြီး ခရီးဆက်လက်ထွက်ခွာခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ စက်တင်ဘာ ၆ ရက်နေ့မှာ လူနာရဲ့ အခြေအနေဟာ တည်ငြိမ်ကောင်းမွန်နေပြီး အရည်ကြည်ဖုတွေက ဓာတ်ခွဲနမူနာတွေကို ရယူပြီး ဒီမနက်ပိုင်းက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ဆီကို ပေးပို့ခဲ့ရာမှာ ညနေပိုင်းမှာ ဓာတ်ခွဲအဖြေပြန်ရပြီး မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ပိုးနဲ့ ရေကျောက် ရောဂါဗိုင်းရပ်စ်ပိုးတို့ကို မတွေ့ဘူးလို့ ဆိုပါတယ်။

လူနာရဲ့ကိုယ်ခံအားကျဆင်းနေတဲ့ ရောဂါကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲအရေပြားရောဂါအား ဆက်လက်ပြီး ဆေးကုသစောင့်ရှောက်မှုပေးဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်ပထမအပတ်ထဲမှာ မလေးရှားနိုင်ငံ ပီနန်မြို့ကနေ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်ကို ပြန်လည်ရောက်ရှိလာတဲ့ အသက် ၅၀ ကျော် အမျိုးသမီး တယောက်ဟာလည်း ဩဂုတ်နောက်ဆုံးအပတ်မှာ ဖျားနာပြီး စက်တင်ဘာ ၂ ရက်မှာတော့ မျောက်ကျောက်ရောဂါ (Mpox) လက္ခဏာနဲ့ဆင်တူတဲ့ လက္ခဏာတွေတွေ့ရှိခဲ့ရလို့ ပုဂ္ဂလိက ဆေးရုံကနေတဆင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနကို ပို့ဆောင် ကုသနေတယ်လို့ ဒေသခံနီးစပ်သူတွေကသိရပြီး ရောဂါကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီဩဇာခံ ကျန်းမာရေးဌာနကလည်း ထုတ်ပြန်ထားတာမရှိပါဘူး။

မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲက ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄  ရက်နေ့တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ပြန်ပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါဟာ လိင်ကတဆင့် ကူးစက်နိုင်သလို အရေပြားထိတွေ့တာ၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံတာနဲ့ ရောဂါပိုးကပ်ငြိနေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ် ထိတွေ့တာ၊ ရောဂါပိုးကူးစက်ခံရတဲ့ တိရစ္ဆာန်နဲ့ တိုက်ရိုက်ထိတွေ့တာတို့ကြောင့် အဓိက ကူးစက်နိုင်ပါတယ်။

အဓိက လက္ခဏာတွေကတော့ ဖျားပြီး မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နဲ့ လိင်အင်္ဂါတို့မှာ အနီကွက်တွေနဲ့အတူ အရည်ကြည်ဖုတွေပေါက်တာ၊ ပြန်ရည်အိတ် (lymph node- ပေါင်ခြံ၊ လက်မောင်း၊ နားရွက်နောက်၊ ဦးခေါင်းနောက်ဘက်၊ လည်ပင်းနှစ်ဖက်၊ မေးရိုးနဲ့ မေးစေ့အောက်မှာရှိတဲ့ အကျိတ်)တွေ ရောင်ရမ်းတာ၊ ခေါင်းကိုက်တာ၊ ကြွက်သား နာကျင်ကိုက်ခဲတာနဲ့ မောပမ်းနွမ်းနယ်တာ စတာတို့ ဖြစ်ပါတယ်။

အဲဒီလက္ခဏာတွေခံစားရရင် ဒါမှမဟုတ် ရောဂါပိုးတွေ့ရတဲ့ နိုင်ငံတွေကနေ လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း ပြန်လာသူတွေနဲ့ ထိတွေ့မိတာမျိုးရှိခဲ့ရင် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံး သတင်းပို့ပြီး ကုသဖို့ လိုအပ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024