Home
မြန်မာသတင်း
ICRC အကြီးအကဲနှင့်  စစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေး
DVB
·
September 11, 2024
Photo Crd-MOI

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ မစ္စ မာဂျားနား စပေါ်လ်ဂျဲရစ် အက်ဂါနဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၅ ရက်ကနေ ၉ ရက်အထိ လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ပြင်းထန်နေတဲ့ အခြေအနေကြားက ခုလိုလာရောက်ခဲ့တာဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်တက်လာနေတဲ့ အတွက် အရေးပေါ်လုပ်ဆောင်ဖို့ တောင်းဆိုထားတယ်လို့ ICRC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာတော့ မစ္စ စပေါ်လ်ဂျဲရစ်က ICRC အဖွဲ့ ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးရေး ရည်ရွယ်ချက်နဲ့ စွမ်းဆောင်နိုင်မှုတွေအကြောင်းကို ပြောကြားခဲ့ပြီး ပဋိပက္ခဒဏ်ခံ ဒေသတွေဆီ ပိုမို ဝင်ရောက်နိုင်စေရေး တွန်းအားပေးပြောကြားခဲ့သလို  ICRC အဖွဲ့ရဲ့ ကြားနေ အခန်းကဏ္ဍနဲ့ အကူအညီတွေ အလိုအပ်ဆုံးလူတွေဆီ ရောက်ရှိရေး ရည်မှန်းချက်ကိုလည်း အလေးပေး ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

ICRC အဖွဲ့အနေနဲ့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေရှိနေပေမဲ့ အထူးသဖြင့် အထိခိုက်လွယ်ဆုံးသော အသိုက်အဝန်းတွေဖြစ်တဲ့ ရှမ်း၊ ကချင်၊ ရခိုင်ပြည်နယ်တွေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ၊ ပဋိပက္ခဒဏ်အခံရဆုံး ဒေသတွေဖြစ်တဲ့  ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်တွေက ဒေသခံ အသိုက်အဝန်းတွေဆီ လက်လှမ်းမှီ ပံ့ပိုးကူညီပေးဖို့ ရည်ရွယ်တယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။

ICRCအကြီးအကဲက “မြန်မာနိုင်ငံက ပြည်သူတွေကို ကူညီပေးဖို့ ICRC ရဲ့ သန္နိဋ္ဌာန်က မယိမ်းယိုင်ပါဘူး။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစား လိုက်နာဖို့နဲ့ အရပ်သားတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်နေသူတွေရဲ့  တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီ အာဘော် သတင်းစာတွေမှာတော့ ICRC အကြီးအကဲက စစ်ခေါင်းဆောင်ကို နေပြည်တော်မှာ ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ လိုအပ်တဲ့ ကူညီ ထောက်ပံ့မှုတွေ အမှန်တကယ်ရောက်ရှိစေရေးနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီ မရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တပ်မတော်အနေနဲ့ ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ ဆောင်ရွက်နေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013