Home
မြန်မာသတင်း
ရေကြည်တွင် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် ထောက်ပံ့ကြေး အဓမ္မကောက်ခံ
DVB
·
September 10, 2024
Photo - MV

ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နေဝင်ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ ရပ်/ကျေး အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ထောက်ပံ့ကြေးဆိုကာ ကျပ်သိန်း ၁၅၀ အထိ သတ်မှတ်ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကြည်မြို့နယ်၊ နေဝင်ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်မိုးလွင်က ရပ်ကွက်နဲ့ ကျေးရွာအဆင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်သူတွေကို ထောက်ပံ့ပေးဖို့အတွက်ဆိုပြီး အထက်ကညွှန်ကြားလာလို့ဆိုကာ စက်တင်ဘာ ၇ ရက်က စတင်ပြီး ရပ်ကွက်အတွင်း ကျပ်သိန်း ၁၅၀ အထိ သတ်မှတ်ကောက်ခံနေတာလို့  ဒေသခံတွေက ဆိုပါတယ်။

ရေကြည်မြို့နယ် နေဝင်ရပ်ကွက်မှ ဒေသခံတယောက်က “မဖြစ်မနေကို ထည့်ခိုင်းနေတာ၊ ထောက်ပံ့ကြေးဆိုပြီး၊ အဲဒီ အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို စိတ်ဒုက္ခအမျိုးမျိုးပေးနေတာ။ စစ်မှုထမ်းထောက်ပံ့ကြေးလည်း ကောက်တယ်။ အခုတော့ ငွေထပ်ကောက်ပြန်ပြီး ကောက်တဲ့ငွေ ပေးမလား အဖမ်းခံမလား ပြောပြီးကောက်တာ။ အဆင်ပြေတဲ့အိမ်က ၃၀,၀၀၀၊ အဆင် သိပ်မပြေတဲ့အိမ်က ၂၀,၀၀၀ သတ်မှတ်ကောက်တာ။ အဲဒီအဖွဲ့ထဲပါတဲ့ အိမ်တွေကျတော့ မကောက်ဘူး” လို့ ပြောပါတယ်။

အဲဒီရပ်ကွက်မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၇ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ကျပ်သိန်း ၉၀ ကျော်အထိ ကောက်ယူရရှိထားပြီး သတ်မှတ်ငွေ ကျပ်သိန်း ၁၅၀ ရရှိဖို့ ဆက်လက်ကောက်ယူနေတယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

နောက်ထပ် ကိုယ်တွေ့ကြုံရတဲ့ ဒေသခံတယောက်က “အနုကြမ်းစီးတာက သက်သာဦးမယ်။ စစ်သင်တန်းတက်ရမယ်ပေါ့၊ မတက်နိုင်ရင် ထည့်၊ မထည့်နိုင်ရင် မဖြစ်မနေ စစ်သင်တန်းတက်ရမှာလို့ ပြောကောက်တာ။ အုပ်ကြီးကိုယ်တိုင် လိုက်ကောက်တာလည်း ရှိတယ်။ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေက လိုက်ကောက်တာလည်း ရှိတယ်။ လာကောက်လို့ မရှိလို့ မထည့်နိုင်ရင်လည်း မရဘူး” လို့ ပြောပါတယ်။

ရေကြည်မြို့နယ်မှာ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် အထက်က ညွှန်ကြားချက်အရ ဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အမျိုးသား လူငယ် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အရွယ်တွေကို အခုနှစ် စက်တင်ဘာ ၂ ရက်က စတင်ပြီး စာရင်းကောက်နေတာလို့ သိရပါတယ်။

ဒါ့အပြင် ရေကြည်မြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကိစ္စအပြင် လက်ရှိ အကြမ်းဖက်နှိမ်နင်းရေးကိစ္စ စတဲ့ခေါင်းစဉ်တွေနဲ့ ပုံစံအမျိုးမျိုးနဲ့ ဖိအားပေး ငွေညှစ်နေပြီး ၁ ရက် ငွေ ၈,၀၀၀ လောက်သာရတဲ့ တနေ့လုပ် တနေ့စား အခြေခံမိသားစုတွေအဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013