Home
မြန်မာသတင်း
ထောက်ပံ့ကြေး ဖြတ်သဖြင့်  UNHCR ကို အင်ဒိုနီးရှားရှိ  ဒုက္ခသည်များ ဆန္ဒပြ
DVB
·
August 7, 2024
ဂျကာတာမြို့ရှိ UNHCR ရုံး

အင်ဒိုနီးရှားနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာအပါအဝင် ဒုက္ခသည်ကို ထောက်ပံ့ကြေးဖြတ်တောက်လိုက်တာကြောင့် UNHCR ကို ဒုက္ခသည်တွေ ဆန္ဒပြခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပုံမှန်ပေးနေတဲ့  ထောက်ပံ့ကြေးတွေကို အခုဩဂုတ်လကစပြီး ရပ်တန့်လိုက်တာကြောင့် ဒုက္ခသည် ၅၀၀ လောက်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်က အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမြို့မှာရှိတဲ့ UNHCR ရုံးရှေ့မှာ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒုက္ခသည်တဦးက “ဒီမှာထောက်ပံ့ကြေးပေးတယ်လေ လူတယောက်ကို တလကို ၁.၂၅ မီလျံပေါ့ဦ ၁၂ သိန်းခွဲပေါ့။ အဲ့ဒါကို သူတိုက ဘာမှ Notice မပေးဘဲ ဖြတ်ချလိုက်တယ်။ ဖြတ်ချလိုက်တော့ လူတွေက ပုံမှန်လစဉ်ကြေးရတဲ့ဟာက မရတော့ ဒုက္ခရောက်တာပေါ့။ အဲ့လိုဒုက္ခရောက်လို့ Officer နဲ့ တွေ့မယ်ဆိုတော့လည်း တွေ့မပေးဘဲ Appointment လည်း မပေးဘူး၊ အတွေ့လဲမခံတော့ တနင်္လာနေ့က လူ၅၀၀ လောက်ရှိတယ် အဲ့မှာ UN ရုံးရှေ့မှာစပြတယ်။ ပြီးတော့ Immigration ရုံးထိပ်ကိုလမ်းလျောက်သွားပြီးတော့ ပြကြတယ်။ သူတိုက ဘတ်ဂျတ်မရှိဘူးလို့ပဲ ပြောကြတာပါ။ မပေးတော့ရင်လည်း ထိုင်းတို့၊ မလေးတို့လို ကိုယ့်နည်းဟန် နဲ့ အလုပ်လုပ်လိုရတယ်၊ ဒီမှာက အဲ့လိုလည်း မဟုတ်ဘူး။ သူတိုဆီကလူတွေက ဒီလူတွေ အလုပ်ထွက်လုပ်ရင် ရဲတိုင်လိုက်၊ အင်မီဂရေးရှင်းတိုင်လိုက်နဲ့ တိုင်လိုလာစစ်ရင် ဝမ်တိမ်ပေးတယ် နောက်တခါထပ်လုပ်ရင်အဖမ်းခံရမှာ” လို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာက မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအပြင် အာဖဂန်နိစတန် နိုင်ငံက ရောက်ရှိနေတဲ့ ဒုက္ခသည် သောင်းနဲ့ချီ ရှိပါတယ်။ အခုဆန္ဒပြပွဲမှာတော့ ရိုဟင်ဂျာတွေမပါပဲ အာဖဂန်တွေနဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ၆၀ လောက်ကပြသခဲ့ကြတာပါ။ 

ဆန္ဒပြပွဲမှာပါတဲ့ မြန်မာတယောက်က “အမျာဆုံးက အာဖကန်တွေ။ မြန်မာပြည်ကဆိုရင် ရိုဟင်ဂျာကလွဲရင် ကျန်တာက လူ ၆၀ လောက်ပဲရှိတယ်။ ရိုဟင်ဂျာတွေကတော့အများကြီးပဲ၊ သူတို့ကိုထောက်ပံ့ကြေးပေးတာက IOM က ဘာမှမဖြစ်ဘူးလေ။ အဲ့လိုမျိုးဖြတ်ချတာမျိုးကလည်း ထုံးစံမရှိဘူး၊ သူတိုက ဖန်တောင့်တယ်၊ အခု တခြား NGO တွေက ပေးတာတွေ ဖြတ်တာ။ မရတော့ဘူး၊ မပေးတော့ဘူး ဆိုပြီးစာပို့တယ်။ ဒီလ ငါတို့ထောက်ပံ့ကြေးပေးတော့ဘူး ဆိုတော့ ဘာမှ လုပ်လိုမရတော့ဘူး။ သူတိုမှာလည်း အိမ်အပြင် မထွက်ရလေအောင် အိမ်တွေငှားဖိုကို ‌ရှိတဲ့ဒေါ်လာတွေ တလုံးတခဲနဲ့ ပေးထားလိုက်ပြီး ပိုတဲ့ငွေလေးတွေကို ဆိုင်ကယ်လေးဘာလေးဝယ်စီးကြတာဆိုတော့ အခုတော့ လောလောဆယ် ဆိုင်ကယ်ပြန်ရောင်းပြီးစားကြပေါ့ ဒါပဲရှိတယ်” လို့ ပြောပါတယ်။

ဒုက္ခသည်တွေကို ထောက်ပံ့ကြေးအပြင် တတိယနိုင်ငံကို ရွှေ့ပြောင်းအခြေချခွင့်ကိုလည်း လုပ်ဆောင် မပေးတော့ဘူးလို့ သိရပါတယ်။ အခုကိစ္စနဲ့ ပတ်သတ်ပြီး အင်ဒိုနီးရှားအခြေစိုက် UNHCR ကို DVB က စာပို့မေးမြန်းထားပေမဲ့ အခုထိတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။၊

အင်ဒိုနီးရှားနိုင်ငံက ၁၉၅၁  ဂျနီဗာ ကွန်ဗန်းရှင်းကို လက်မှတ်ရေးထိုးထားတာ မရှိပေမဲ့ နိုင်ငံတကာ အကာအကွယ် လိုအပ်နေတဲ့ ဒုက္ခသည်တွေကို လက်ခံထားပါတယ်။ လတ်တလော အင်ဒိုနီးရှားနိုင်ငံတဝန်း ဒုက္ခသည်စခန်း ၈ ခုရှိပြီး   UNHCR မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ပေါင်း ၁၂၀၀၀ ကျော် ရှိတယ်လို့ UNHCR ၀က်ဘ်ဆိုဒ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မင်းညို 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013