ဒီနှစ်ထဲမှာ အာရှတိုက်ရဲ့ အားအပြင်းဆုံး မုန်တိုင်းဖြစ်တဲ့ ယာဂီဟာ ဗီယက်နမ်နိုင်ငံထဲကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၂၄ ယောက် သေဆုံးကာ ၂၂၉ ယောက်အထိ ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အတည်ပြုပါတယ်။
ယာဂီမုန်တိုင်းဟာ အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အဆင့်လျော့ကျသွားပေမဲ့လည်း အနောက်ဘက်ကို ဦးတည်နေသေးတာကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒီစူပါတိုင်ဖွန်းမုန်တိုင်းက ဗီယက်နမ် မြောက်ပိုင်းကို ပြီးခဲ့တဲ့စနေနေ့မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဟိုင်ဖုန်းနဲ့ ကွမ်နင်း ပြည်နယ်မှာဆိုရင် လေတိုက်နှုန်းက တနာရီကို ၁၂၆ မိုင်အထိ ပြင်းထန်ခဲ့တာပါ။
ဒါကြောင့် ဟနွိုင်းမြို့တော်နဲ့အတူ ဒေသအနှံ့အပြားမှာပါ လျှပ်စစ်မီးပြတ်တောက်တာတွေ၊ အဆောက်အအုံ ခေါင်မိုးလန်တာတွေနဲ့ အပင်တွေ အမြစ်ကနေ ကျွတ်တဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ပင်လယ်ပြင်မှာပါ ငါးဖမ်းသမား ၁ ဒါဇင်လောက် ပျောက်ဆုံးခဲ့ပြီးနောက် ရေထဲမျောပါနေတဲ့ ၂၇ ယောက်ကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီမုန်တိုင်းအတွင်း ငါးဖမ်းလှေ ၄၁ စင်းနီးပါး နစ်မြုပ်သွားတာ ဒါမှ မဟုတ် မျောပါသွားတာမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။
အသက် ၅၁ နှစ်အရွယ် သင်္ဘောသားဖြစ်သူ ဖန်ဗန်သန်း ကတော့ ဒီလောက်ပြင်းထန်ပြီး ကြမ်းတမ်းလှတဲ့ တိုင်ဖွန်းမုန်တိုင်းမျိုးနဲ့ တခါမှမကြုံဖူးဘူးလို့ မှတ်ချက်ပေးပါတယ်။
ဗီယက်နမ်ရဲ့ ကမ်းရိုးတန်းမြို့ငယ်တွေက လူဦးရေ ၅၀,၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီး ဖြစ်တဲ့အပြင် အပြင်မထွက်ကြဖို့အတွက်ပါ အာဏာပိုင်တွေအနေနဲ့ သတိပေးထားပါတယ်။
ဒီတခေါက် တိုင်ဖွန်းဟာ ဟာရီကိန်း မုန်တိုင်းအမျိုးအစား အဆင့် ၅ နဲ့လည်း တူညီတဲ့အတွက် မြောက်ပိုင်းပြည်နယ် ၁၂ ခုမှာရှိတဲ့ စာသင်ကျောင်းတွေပါ ယာယီပိတ်ထားရပါတယ်။
အခုလိုမျိုး ရာသီဥတု ပြောင်းလဲမှုကြောင့် တိုင်ဖွန်းနဲ့ ဟာရီကိန်း မုန်တိုင်းတွေဟာ ပိုမိုအားကောင်းလာခဲ့သလို ကြာချိန်ကိုလည်း ပိုရှည်လာစေတယ်ဆိုပြီး သိပ္ပံပညာရှင်တွေက မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ပူနွေးတဲ့ ပင်လယ်ရေတွေကနေ မုန်တိုင်းစွမ်းအင်ကို ပိုမိုတိုးပွားလာစေနိုင်ပြီး လေတိုက်နှုန်းတွေပါ မြင့်တက်လာစေနိုင်ကြောင်း သိရပါတယ်။
Source-Reuters