အခုနှစ် အာရှတိုက်ရဲ့ အားအပြင်းဆုံးမုန်တိုင်းယာဂီဟာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ကနေ စက်တင်ဘာ ၇ ရက် နေ့လယ်က ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကုန်းတွင်းကို ဝင်ရောက်ခဲ့တာကြောင့် ဓာတ်အားပြတ်တောက်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသအေဂျင်စီက ပြောကြားခဲ့ပါတယ်။
စနေနေ့ မွန်းလွဲပိုင်းမှာ မုန်တိုင်းဝင်ရောက်လာမှုကြောင့် ဟနွိုင်းမြို့ရှိ နွိုင်ဘိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် ဗီယက်နမ်နိုင်ငံတဝန်း လေဆိပ် ၄ ခုမှာ လေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများစွာကို ယာယီ ရပ်ဆိုင်းထားကြောင်း ဗီယက်နမ်နိုင်ငံပိုင်မီဒီယာက အစီရင်ခံပါတယ်။
နွိုင်ဘိုင် လေဆိပ်ဟာ ဒေသစံတော်ချိန် ည ၉ နာရီ လောက်မှာ လုပ်ငန်းတွေကို ပြန်စတင်ဖို့ မျှော်လင့်ထားကြောင်း လေဆိပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူဦးရေ ၂ သန်းရှိပြီး စက်မှုအချက်အချာကျတဲ့ ဗီယက်နမ်နိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ ဟိုင်ဖွန်ဟာ အခုအချိန်အထိ လေပြင်းတိုက်ခတ်မှု အပြင်းထန်ဆုံးခံရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
မြို့တော်ရဲ့ နေရာအနှံ့အပြားမှာ စနေနေ့က ဓာတ်အားပြတ်တောက်မှုကို ကြုံတွေ့ခဲ့ရပါတယ်။ ပြည်သူတွေကို အိမ်ထဲမှာသာ နေကြဖို့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို ပြည်သူတွေက လိုက်နာကြတာကြောင့် မြို့တွင်းလမ်းတွေမှာ ခြောက်ကပ် ဆိတ်သုဉ်းခဲ့ပါတယ်။
တိုင်ဖွန်း ယာဂီဟာ စနေနေ့ မနက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ပိုင်း ကွမ်နင်းပြည်နယ်ကို ဆက်လက်ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်းတွေ အားကောင်းကာ မိုးလည်း မြန်မြန်ဆန်ဆန် ရွာချခဲ့ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကွမ်နင်းရှိ လမ်းအများအပြား ရေမြုပ်ခဲ့ပြီး သစ်ပင်တွေလည်း ကျွတ်ထွက်ကာ လျှပ်စစ်မီး ပြတ်တောက်မှုတွေလည်း ရှိနေပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ တနာရီလျှင် ၁၅ - ၂၀ ကီလိုမီတာနှုန်းနဲ့ ပြည်နယ်မြို့တော် ကမ်ဖာကို ရွေ့လျားနေကြောင်း ဗီယက်နမ် မိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဗီယက်နမ်အစိုးရဟာ စူပါတိုင်ဖွန်းကို အန်တုဖို့အတွက် မော်တော်ယာဉ် အစီးရေ ၁၀,၁၀၀ ကျော်နဲ့အတူ စစ်ဘက်ဝန်ထမ်း ၄၅၇,၄၆၀ ကို တာဝန်ဖြန့်ချထားပါတယ်။
စူပါတိုင်ဖွန်း ယာဂီမုန်တိုင်းဟာ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ဒုတိယအင်အားအပြင်းဆုံး အပူပိုင်းဆိုင်ကလုန်း ဖြစ်ပါတယ်။
ရာသီဥတု အပြောင်းအလဲတွေအကြား သမုဒ္ဒရာရေတွေ ပိုမိုပူနွေးလာတာတွေကြောင့်လည်း တိုင်ဖွန်းမုန်တိုင်းတွေ ပိုမိုအားကောင်းလာကြတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
Source-Reuters