ပြီးခဲ့တဲ့သောကြာနေ့က ကွယ်လွန်သွားတဲ့ ဗီယက်နမ်အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ဖူထရောင်အတွက် နိုင်ငံတော်စျာပနအခမ်းအနားကို ရှေ့တပတ်မှာ ကျင်းပမှာဖြစ်တယ်လို့ အစိုးရက ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၅ ရက်နဲ့ ၂၆ ရက်တွေကို နိုင်ငံလုံးဆိုင်ရာ အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားပြီး ၂၆ ရက်မှာ စျာပနအခမ်းအနားကျင်းပမှာ ဖြစ်ပါတယ်။ အောက်မေ့ဖွယ် ကာလအတွင်း ရုံးတွေမှာ အလံတဝက် လွှင့်ထူထားမှာဖြစ်ပါတယ်။
ထရောင်ဟာ ဗီယက်နမ်ရဲ့ အာဏာအရှိဆုံးရာထူးဖြစ်တဲ့ ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်ကို အသက် ၈၀ အရွယ်ကွယ်လွန်ချိန်အထိ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
၁၃ နှစ်တာ တာဝန်ယူမှုအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့မှုအတွက် ထင်ရှားသူ ဖြစ်သလို လက်တွေ့ပဓာန နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့သူ ဖြစ်ပါတယ်။
ဗီယက်နမ်ဟာ တချိန်က ရန်ဘက် အမေရိကန်နဲ့ပါ စီးပွားရေးအရ အကောင်းဆုံးဆက်ဆံရေး ထူထောင်နိုင်ခဲ့သလို ဝါဒရေးရာ ဩဇာလွှမ်းမိုးမှုရှိတဲ့ ဆိုဗီယက်နေရာ ဆက်ခံတဲ့ ရုရှားနိုင်ငံနဲ့လည်း ဆက်ဆံရေး ပြေလည်ပါတယ်။
ဒါပေမဲ့ အိမ်နီးချင်းကွန်မြူနစ် တရုတ်နဲ့တော့ တင်းမာမှုအချို့ရှိခဲ့ပါတယ်။ လက်ရှိမှာ ထရောင်ရဲ့ ပါတီတာဝန်ကို ဗီယက်နမ်သမ္မတတိုလမ်က ယာယီရယူထားပါတယ်။
ဗီယက်နမ်ဟာ တဦးတည်း ခေါင်းဆောင်မှုထက် စုဖွဲ့ခေါင်းဆောင်မှုပုံစံနဲ့ လည်ပတ်တာဖြစ်ပြီး ပါတီအထွေထွေအတွင်းရေးမှူးက အဓိကအကျဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
သူနဲ့အတူ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ဟာ တိုင်းပြည်အာဏာရဲ့ မဏ္ဍိုင်လေးခုလို့ သတ်မှတ်ကြပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ တရုတ်သမ္မတ ရှီချင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဗီယက်နမ် ပြည်သူတွေနဲ့ ထရောင်ရဲ့ မိသားစုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ထားပါတယ်။
Source-Reuters