အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဗီယက်နမ် သမ္မတ တိုလမ်၊ ဝန်ကြီးချုပ် ဖမ်မင်ချင်တို့နဲ့ ဗီယက်နမ် မြို့တော် ဟနွိုင်းမှာ ဇူလိုင် ၂၇ ရက်က တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်ဟောင်း ငွင့်ဖူထရွန်တို့ ၂၀၂၃ စက်တင်ဘာမှာ လက်မှတ်ထိုးခဲ့တဲ့ ပြည့်စုံကျယ်ပြန့်တဲ့ ဗျူဟာမြောက် မိတ်ဖက်နဲ့ ပူးပေါင်းဆောင်ရွက်ရေးအားဖြည့်ဖို့ အမေရိကန်ရဲ့ စိတ်ဝင်စားမှုကို ထပ်လောင်း အတည်ပြုဖို့ ဒီအစည်းအဝေးက ရည်မှန်းထားပါတယ်။
ဗီယက်နမ်နဲ့ ဆက်ဆံရေးအားဖြည့်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ဗီယက်နမ်ကို တရားဝင် လည်ပတ်ခဲ့အပြီး တလအကြာမှာ ဘလင်ကန်က ဗီယက်နမ်ကို လာလည်ခဲ့တာပါ။
ယူကရိန်း ပဋိပက္ခကြောင့် ရုရှားအပေါ် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့အပြီး ရုရှားအစိုးရက အာရှကို အခြေချဖို့ ကြိုးစားနေတာကို မီးမောင်းထိုးပြတဲ့ ခရီးစဉ်အတွင်း စွမ်းအင်အပါအဝင် ကိစ္စရပ်တွေအတွက် သဘောတူညီချက်တွေကို ပူတင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဘလင်ကန်ဟာ ဗီယက်နမ်ကို မလာခင် ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့လည်း အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။
Source-Reuters