မဲခေါင်မြစ်နဲ့ ပင်လယ်ကို ချိတ်ဆက်မယ့် တရုတ်ပံ့ပိုးမှုနဲ့ ဆောက်လုပ်တဲ့ အငြင်းပွားဖွယ် တူးမြောင်းစီမံကိန်းကို ကမ္ဘောဒီးယားက စတင်လိုက်ပါတယ်။
အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ကုန်ကျမှာဖြစ်တဲ့ ဒီစီမံကိန်းကို ဩဂုတ် ၅ ရက်မှာ စတင်ခဲ့ပါတယ်။
စီးပွားရေးအတွက် ရည်ရွယ်တယ်လို့ ဆိုပေမဲ့ တရုတ်စစ်သင်္ဘောတွေက ဒီလမ်းကြောင်းကို သုံးမှာကို ဗီယက်နမ်က စိုးရိမ်နေပါတယ်။
၂၀၂၈ မှာ ပြီးစီးမယ့် ဒီစီမံကိန်းဟာ မဲခေါင်ဒေသရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
ဖူနန်းတက်ကနို တူးမြောင်းဟာ ဖနွမ်းပင်မြို့ အရှေ့တောင်ဘက်က ကားနဲ့ တနာရီသွားရင် ရောက်တဲ့ မဲခေါင်မြစ်ပေါ် နေရာတခုကနေ ထိုင်းပင်လယ်ကွေ့အထိ ပေါက်မှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် လက်ထက်ကတည်းက ရည်ရွယ်ခဲ့တဲ့ ဒီစီမံကိန်းဟာ သားဖြစ်သူ ဝန်ကြီးချုပ် ဟွန်မာနက် လက်ထက်မှာမှ အကောင်အထည်ပေါ်လာခဲ့တာပါ။
ဟွန်ဆန်ရဲ့ ၃၈ နှစ်တာ အုပ်ချုပ်မှု အဆုံးသတ်ချိန်မှာမှ အကောင်အထည်ပေါ်လာတဲ့ ဒီစီမံကိန်းကို ဟွန်ဆန့်မွေးနေ့ဖြစ်တဲ့ ဩဂုတ် ၅ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဒီနေ့ကို အများပြည်သူ အားလပ်ရက်အဖြစ်ပါ ကြေညာခဲ့ပါတယ်။
မိုင် ၁၁၀ (ကီလိုမီတာ ၁၈၀) ရှည်လျားတဲ့ ဒီတူမြောင်းစီမံကိန်းဟာ သမိုင်းဝင်ပဲလို့ ဟွန်မာနက်က ပြောကြားခဲ့ပြီး “အသက်ရှူဖို့ နှာခေါင်းပေါက်” ရတာလို့ ပြောကြားခဲ့ပါတယ်။
ဒီစီမံကိန်းဟာ အခြေခံအဆောက်အအုံ စီမံကိန်းသက်သက် မဟုတ်ပါဘူး၊ အမျိုးသားရေး အားထုတ်မှုကြီး ဖြစ်ပါတယ်လို့ပါ ဝန်ကြီးချုပ်က ဆိုပါတယ်။
ဒီလမ်းကြောင်းပွင့်သွားရင် ပို့ကုန်အတွက် ဗီယက်နမ်ဆိပ်ကမ်းတွေကို အားကိုးနေရမှုကနေ လွတ်ကင်းမယ်လို့ မျှော်လင့်ထားပါတယ်။
Source-Reuters