ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ဒီမိုကရက်သမ္မတလောင်း ကမ်မလာဟားရစ်ကို မဲ ၁ ရာခိုင်နှုန်း အသာရနေတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာနဲ့ ဆီယာနာကောလိပ်တို့ ပူးတွဲပြုလုပ်တဲ့ စစ်တမ်းက ဖော်ပြပါတယ်။
ထရမ့်ပ်အပေါ် ထောက်ခံမှု ၄၈ ရာခိုင်နှုန်း၊ ဟားရစ်အပေါ် ထောက်ခံမှု ၄၇ ရာခိုင်နှုန်း ရှိတဲ့အတွက် စစ်တမ်းရဲ့ ၃ ရာခိုင်နှုန်း မှားယွင်းနိုင်ခြေအတွင်းသာ ရှိတဲ့အတွက် ဘယ်ဘက်က နိုင်မယ်လို့ ကောက်ချက်မချနိုင်ဘူးလို့လည်း သုံးသပ်ထားပါတယ်။
အင်္ဂါနေ့မှာကျင်းပမယ့် စကားစစ်ထိုးပွဲက အရေးပါတဲ့ အခိုက်အတန့် ဖြစ်လာနိုင်တယ်လို့လည်း စစ်တမ်းက ဖော်ပြပါတယ်။
မိနစ် ၉၀ ကြာမြင့်မှာဖြစ်တဲ့ စကားစစ်ထိုးပွဲမှာ ဟားရစ်ဟာ သူ ရည်ရွယ်ထားတဲ့ မူဝါဒတွေ ချပြဖို့ရော ထရမ့်ပ်နဲ့ ရင်ဆိုင်ပြောဆိုနိုင်စွမ်း ရှိ၊ မရှိကိုပါ ချပြရမှာ ဖြစ်ပါတယ်။
သူမသာ ကိုယ်မသာ ဖြစ်နေတဲ့အချိန်မှာ နည်းနည်းလေးသာသွားရင်တောင် သိသိသာသာ ကွာဟသွားမှာ ဖြစ်ပါတယ်။
စစ်တမ်းအရ မဲဆန္ဒရှင်တွေဟာ ဟားရစ်အကြောင်းကို အခုထက် ပိုသိရှိလိုကြပြီး ထရမ့်ပ်နဲ့ ပတ်သက်လို့ကတော့ အကောင်း အဆိုး ကောင်းကောင်းသိထားပြီး ဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။
ဟားရစ်အကြောင်း အချက်အလက် ပိုသိချင်သေးတဲ့ မဲဆန္ဒရှင်အရေအတွက်က ၂၈ ရာခိုင်နှုန်းရှိပြီး ထရမ့်ပ်အကြောင်း ပိုသိချင်တဲ့ သူကတော့ ၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရီပတ်ဘလီကန် ဒုတိယသမ္မတဖြစ်ခဲ့ဖူးတဲ့ ဒစ်ချေနီက ပါတီလိုင်းအတိုင်း မဟုတ်ဘဲ ဟားရစ်ကို ထောက်ခံသွားမယ်လို့ ကြေညာခဲ့ပါတယ်။
နိုင်ငံရဲ့ ၂၄၈ နှစ်သမိုင်းမှာ ထရမ့်ပ်လောက် သမ္မတနိုင်ငံ ဖြစ်တည်မှုအပေါ် ခြိမ်းခြောက်လာတဲ့လူမျိုး မရှိဘူးလို့ပါ ချေနီက ကြေညာခဲ့ပါတယ်။
ထရမ့်ပ်ကတော့ ချေနီဟာ ရီနို (RINO) သာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ရီနိုဆိုတာ “အမည်ခံ ရီပတ်ဘလီကန် (Republicans in Name Only)” လို့ အဓိပ္ပာယ်ရပြီး ထရမ့်ပ်က သူ့အပေါ် မထောက်ခံတဲ့ ရီပတ်ဘလီကန်တွေကို ခေါ်ဝေါ်တဲ့နာမည် ဖြစ်ပါတယ်။
Source-Reuters