Home
နိုင်ငံတကာ
ကမ်မလာဟားရစ် အတွက် မဲဆွယ်အဖွဲ့က ရန်ပုံငွေ ဒေါ်လာ သန်း ၅၄၀ ရရှိ
DVB
·
August 26, 2024
Photo-Reuters

ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်ရဲ့ မဲဆွယ်အဖွဲ့ဟာ တလမပြည့်မီမှာပဲ ရန်ပုံငွေ ဒေါ်လာ သန်း ၅၄၀ အထိ ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကာလမှာ ရန်ပုံငွေ တိုးရခဲ့ပြီး အဲဒီရက်ပိုင်းအတွင်းမှာတင် ဒေါ်လာ ၈၂ သန်း ရခဲ့ပြီး ဒါဟာ သမ္မတလောင်း မဲဆွယ်လှုပ်ရှားမှုတွေထဲမှာ အများဆုံးအလှူငွေရတာလို့ ဆိုပါတယ်။

ဇူလိုင် ၂၁ ရက်မှာ သမ္မတ ဂျိုးဘိုင်ဒင်က ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ထပ်မပြိုင်တော့ဘဲ နောက်ဆုတ်ပေးခဲ့အပြီးမှာ ဒုတိယသမ္မတ ဟားရစ်ဟာ သမ္မတလောင်း ဖြစ်လာခဲ့တာပါ။

ဇွန် ၂၇ ရက်က ဘိုင်ဒင်နဲ့ ရီပတ်ဘလီကန် သမ္မတလောင်း ထရမ့်ပ်တို့ရဲ့ စကားစစ်ထိုးပွဲ အပြီးမှာ ဘိုင်ဒင်ရဲ့ စွမ်းဆောင်ရည်ဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီး ဆက်မပြိုင်ဘဲ နုတ်ထွက်ဖို့ ဖိအားပေးခံခဲ့ရတာ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ လုပ်ကြံခံရမှုက လွတ်မြောက်ခဲ့ပြီးတဲ့နောက်မှာလည်း မီဒီယာတွေကြားမှာ ထရမ့်ပ်သတင်းတွေပဲ လွှမ်းမိုးနေခဲ့ပြီး ဒီမိုကရက်ဘက်က အရေးမလှ ဖြစ်နေခဲ့တာပါ။

ဒါပေမဲ့ ဟားရစ်ကို သမ္မတလောင်းအဖြစ် အစားထိုးအပြီးမှာ ဒီမိုကရက်ဘက်က အရှိန်ပြန်ရလာပြီး အပြိုင်ပြန်ဖြစ်လာခဲ့ပါတယ်။

ဟားရစ်နဲ့ ဒုသမ္မတလောင်း တင်မ်ဝေါ့ဇ်တို့ဟာ ဒီတပတ် ဂျော်ဂျီယာပြည်နယ်မှာ လှည့်လည်မဲဆွယ်မှာ ဖြစ်ပါတယ်။

ကမ်မလာဟားရစ်နဲ့ ဒေါ်နယ်ထရမ့်ပ်ဟာ နိုဝင်ဘာ ၅ ရက်မှာ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013