Home
နိုင်ငံတကာ
ဒီမိုကရက်ညီလာခံ နောက်ဆုံးနေ့တွင် ကမ်မလာဟားရစ် ရှေ့လုပ်ငန်းစဉ်များ ပြောကြား
DVB
·
August 23, 2024
Photo-Reuters

အမေရိကန် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံရဲ့ နောက်ဆုံးနေ့မှာ ကမ်မလာဟားရစ်က သမ္မတလောင်းနေရာကို အပိတ်မိန့်ခွန်းနဲ့အတူ တရားဝင်လက်ခံခဲ့ပါတယ်။

၄၅ မိနစ်ကြာ မိန့်ခွန်းထဲမှာ ဟားရစ်က သူဘယ်သူလဲဆိုတာ အပါအဝင် သမ္မတဖြစ်လာခဲ့ရင် လုပ်ဆောင်သွားမယ့်အရာတွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အိန္ဒိယနွယ်ဖွား မိခင်ဖြစ်သူရဲ့ ရွှေ့ပြောင်းအခြေချမှု ဇာတ်ကြောင်းနဲ့အတူ ဟားရစ်ဟာ အလုပ်သမား လူတန်းစားအဖြစ် ကြီးပြင်းလာခဲ့သူဖြစ်ကြောင်း ပြောပါတယ်။

အဲဒီနောက် မူဝါဒဘက်ကို အလှည့်ပေးရာမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ နေရာထိုင်ခင်းနဲ့ စားသောက်ကုန် စသဖြင့် နေ့စဉ်လိုအပ်တဲ့ ကုန်ကျစရိတ်တွေ လျှော့ချပေးနိုင်ဖို့ အာရုံစိုက်မယ်ဆိုပြီး ဟားရစ်က ပြောသွားပါတယ်။

ဒါ့အပြင် ဒီမိုကရက်သမ္မတလောင်းက ကိုယ်ဝန်ဖျက်ချခွင့်အပေါ် အပြည့်အဝ ကာကွယ်သွားမှာ ဖြစ်သလို ဒါဟာ လွတ်လပ်ခွင့်ကို ထိန်းသိမ်းရာ ရောက်တယ်လို့လည်း ဆိုပါတယ်။

အထက်လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ အဲလိဇဘတ် ဝါရန်၊ ဘော့ဘ် ကေဆီနဲ့ မာ့ခ် ကယ်လီ တို့ကလည်း မျိုးပွားခွင့်၊ သေနတ်နဲ့အကြမ်းဖက်မှု၊ လူဝင်မှုကြီးကြပ်ရေးနဲ့ စီးပွားရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးပြောဆိုခဲ့ကြပြီး နာမည်ကြီးအဆိုတော် Pink and the Chicks အဖွဲ့ရဲ့ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ခဲ့ပါတယ်။

အခုလိုမျိုး ဟားရစ်အပေါ် ဒီမိုကရက်တွေ အာရုံစိုက်နေချိန်မှာ တဖက်ပြိုင်ဘက်ဖြစ်တဲ့ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်ပ် ကတော့ မက္ကဆီကိုနယ်စပ်မှာရှိတဲ့ ကိုချီစ်ကောင်တီကို ရောက်ရှိနေပါတယ်။

အဲဒီနောက် ထရမ့်ပ်ဟာ ရွှေ့ပြောင်းအခြေချသူ အရေအတွက် စံချိန်တင် မြင့်တက်လာတဲ့အပေါ်မှာ ဝေဖန်ပြောဆိုခဲ့ပြီး လာမယ့်ရွေးကောက်ပွဲအတွင်း ဟားရစ်နဲ့ ကွာဟချက် နည်းပါးနိုင်တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဂါဇာစစ်ပွဲမှာ အမေရိကန်ရဲ့ အစ္စရေးအပေါ် ထောက်ခံမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း ချီကာဂိုမြို့က ညီလာခံတလျှောက်လုံး ရှိနေခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013