Home
မြန်မာသတင်း
စကစရွေးကောက်ပွဲကို ထောက်ခံကြောင်း ထိုင်းသံအမတ်ပြောဆိုချက် ဝါရှင်တန်ဒီစီတွင် ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံ) 
DVB
·
August 23, 2024

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ထိုင်းသံအမတ်ပြောဆိုချက်ကို ကန့်ကွက်ကြောင်း ဒေသစံတော်ချိန် ဩဂုတ် ၂၂ ရက်က အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ထိုင်းသံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့တာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံထဲကိုရောက်နေတဲ့ မြန်မာလူငယ်တွေကို ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီလက်ထဲ ပြန်လွှဲပြောင်းပေးနေတာ၊ စစ်ဘေးရှောင်ပြည်သူတွေအားကိုးရာ မဲ့ဖြစ်နေတာတွေကို ထောက်ထားဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်သစ် ဖဲထောင်းထန်းရှင်နာဝပ်ဆီ ကိုလည်း အိတ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့ကြ ပါတယ်။

Anti Dictatorship in Burma - DC Metro Area အဖွဲ့ဝင် ကိုရင်အေးက  "ကျနော်တို့ရဲ့ အိတ်ဖွင့်ပေးစာကို ၀ါရှင်တန်ဒီစီ ထိုင်းသံရုံးကတဆင့် အသစ်ရွေးချယ်ခံရတဲ့ ထိုင်းဝန်ကြီးချုပ်ဆီကို ပေးပို့ခဲ့ပြီး သံရုံးတာဝန်ရှိသူတဦးက စာကိုလက်ခံခဲ့ပါတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကိုထောက်ခံအားပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ် မုံခွန်းဝိစစ်စတန်က ဩဂုတ်လဆန်းပိုင်းမှာ ထုတ်ဖော်ပြောဆိုထားတာပါ။ 

ဩဂုတ် ၆ ရက်မှာ စစ်ကောင်စီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ လဝကဝန်ကြီး ဦးမြင့်ကြိုင်၊ စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်တို့နဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းသံအမတ်ကြီးက အားပေးထောက်ခံကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဇေယျာချမ်းအေး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024