ဒီမိုကရက်တစ်ညီလာခံတုန်းက ပြိုင်ဘက် ကမ်မလာဟားရစ်ရဲ့ အပြုအမူကို ရီပတ်ဘလင်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ဝေဖန်ခဲ့ပါတယ်။
ထရမ့်ပ်က ဟားရစ်ဟာ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်အရေး၊ ငွေကြေးဖောင်းပွမှုတို့ထက် သူ့ကို အာရုံစိုက်နေကြောင်း စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပေါက်ကရတွေပြောတဲ့ လိမ်လည်သူတဦးလို့လည်း ဟားရစ်ကို ထရမ့်ပ်က အရီဇိုးနားပြည်နယ်မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
ထရမ့်ပ်က “ပြီးခဲ့တဲ့ညက ကမ်မလာဟာ ကျနော့်ရဲ့ နာမည်ကို ၂၁ ကြိမ် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ နယ်စပ်အကြောင်းတွေ၊ ငွေကြေးဖောင်းပွမှုတွေ သူ မပြောခဲ့ပါဘူး။ သူ ဘာမှမပြောခဲ့ဘဲ ကျနော့်နာမည်ပဲ ထပ်တလဲလဲ ပြောခဲ့ပါတယ်”လို့ ဆိုပါတယ်။
အမေရိကန် ရွေးကောက်ပွဲလုပ်ဖို့ ၁၁ ပတ်လိုမှာ သမ္မတလောင်းတွေရဲ့ စကားလုံးတွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေက ပိုပြီး ပြင်းထန်လာတာလည်း ဖြစ်ပါတယ်။
ဟားရစ်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခြင်းခံရပြီးနောက် လူလတ်တန်းစားတွေအတွက် အခွန်နှုန်းထားတွေ လျှော့ချပေးမယ်လို့ ကတိပြုခဲ့ပြီး အိမ်ရာပိုင်ဆိုင်မှုတွေလည်း စီစဉ်ပေးမယ်လို့ ပြောဆိုခဲ့ကာ တောင်ဘက်နယ်စပ်ကိုလည်း လုံခြုံမှုရှိအောင် စွမ်းဆောင်မယ်လို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ စည်းရုံးလှုံဆော်မှုကို သောကြာနေ့ လတ်စ်ဗီးဂတ်စ်စားသောက်ဆိုင်မှာ အဆုံးသတ်ခဲ့ပြီး မုန့်ဖိုးရတဲ့ ပိုက်ဆံကို အခွန်မကောက်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
သူက ဒါကို စားသောက်ဆိုင်အလုပ်သမားတွေအတွက်က ကြီးမားတဲ့ကတိပြုမှုလို့ ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် ဟားရစ်ရဲ့ အခွန် ၂၁ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းအထိ ကော်ပိုရိတ်အခွန်နှုန်းမြှင့်မယ်လို့ အဆိုပြုချက်ကို ထရမ့်ပ်က ဝေဖန်ခဲ့ပါသေးတယ်။
Source-Reuters