Home
နိုင်ငံတကာ
ဟားရစ်နှင့် ထရမ့်ပ် စကားစစ်ထိုးမည်
DVB
·
September 9, 2024
Photo - Reuters

ကမ်မလာဟားရစ်နဲ့ ဒေါ်နယ်ထရမ့်ပ်တို့ဟာ လာမယ့် စက်တင်ဘာ ၁၀ ရက်မှာ သူတို့ ၂ ယောက်ကြား ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအဖြစ် ဖီလ်ဒဲဖီးယားပြည်နယ်မှာ ရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ 

ဒေသစံတော်ချိန် ည ၉ နာရီမှာ စတင်မှာဖြစ်တဲ့ ဒီစကားစစ်ထိုးပွဲဟာ မြန်မာစံတော်ချိန်အရတော့ ၁၁ ရက် မနက် ၈ နာရီခွဲဝန်းကျင် ကျင်းပမှာ ဖြစ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်ကိစ္စ အငြင်းပွားနေလို့ အဆင်မပြေဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာ ထရမ့်ပ်ဘက်က သဘောတူခဲ့တာ ဖြစ်ပါတယ်။

ဒီတကြိမ်မှာ ABC ရုပ်သံက စီစဉ်တင်ဆက်ပေးမှာဖြစ်ပြီး  ABC ရုပ်သံအပြင် အွန်လိုင်းမှာ ABC News Live ၊ Disney+ နဲ့ Hulu  တို့က ပါကြည့်လို့ရမှာ ဖြစ်ပါတယ်။

အခုစစ်ထိုးပွဲစည်းမျဉ်းအရ အဖြေတခု ၂ မိနစ်ပဲရမှာဖြစ်ပြီး တဘက်က ပြောနေတဲ့အချိန် တဘက်ကို  မိုက်ပိတ်တဲ့ စနစ်နဲ့ပဲ သွားမှာ ဖြစ်ပါတယ်။ 

ဒုသမ္မတ ကမ်မလာဟားရစ်ကတော့ ပစ်စ်ဘာ့ဂ်မြို့က သမိုင်းဝင်ဟိုတယ်မှာ နေထိုင်ပြီး စကားစစ်ထိုးပွဲအတွက် ပြင်ဆင်နေပါတယ်။ 

ထရမ့်ပ်ကတော့ သူ့ဘက်က ပြင်ဆင်စရာမလိုဘူးလို့ ပြောထားပါတယ်။ “မျက်ခွက်တေ့ အထိုးမခံရခင်အထိတော့ လူတိုင်းမှာ အစီအစဉ်ရှိကြတာပဲ” လို့ လက်ဝှေ့ကျော် မိုက်တိုက်ဆန်ရဲ့ စကားကို ကိုးကား ပြောဆိုသွားပါတယ်။ 

ဟားရစ်ဘက်ကတော့ ထရမ့်ပ်ရဲ့ ထိုးနှက်ဝေဖန်တတ်တဲ့ပုံစံနဲ့ အချက်အလက်တွေကို လိုရာဆွဲပြောတတ်တဲ့ အချက်ကို တန်ပြန်ဖို့ အဓိက ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီက လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ပထအကြိမ် စကားစစ်ထိုးခဲ့ပါတယ်။ 

အဲဒီတုန်းက ထရမ့်ပ်က အသာစီးရခဲ့ပြီး ဘိုင်ဒင်ရဲ့ တုံ့ပြန်နိုင်စွမ်းအားနည်းမှုဟာ ဝေဖန်စရာဖြစ်ခဲ့ရာကနေ နောက်ဆုံးပြိုင်ပွဲကပါ ထွက်ပေးခဲ့ရတာဖြစ်ပါတယ်။ 

ထရမ့်ပ်နဲ့ ဟားရစ်က ၂ ကြိမ် စကားစစ်ထိုးမှာဖြစ်ပြီး ဒုတိယသမ္မတလောင်းတွေဖြစ်တဲ့ တင်မ်ဝေါ့ဇ်နဲ့ ဂျေဒီဗင့်န်စ်က တကြိမ် စကားစစ်ထိုးမှာဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013