Home
မြန်မာသတင်း
ပါပူအာနယူးဂီနီ မြို့တော်တွင် ပုပ်ရဟန်းမင်းကြီး တရားပွဲကျင်းပ၊ စင်ကာပူနှင့် တီမောသို့ ကြွချီမည်
DVB
·
September 9, 2024
Photo - REUTERS/Guglielmo Mangiapane

စက်တင်ဘာ ၈ ရက်က ပါပူအာနယူးဂီနီ ကျွန်းနိုင်ငံငယ်၊ မြို့တော် ပို့တ်မော်ရ်စ်ဘီမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မစ္ဆားတရားပွဲကျင်းပခဲ့ပြီး  သာသနာဝင် ၃၅၀၀၀ တက်ရောက်ခဲ့ပါတယ်။

အလွန်ဝေးကွာလှတဲ့ ဒေသဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ နီးကပ်မှုကို ခံစားစေရတယ်လို့ ပုပ်ရဟန်းမင်းက ဒေသနာမှာ ထည့်ပြောသွားပါတယ်။

မြို့တော်က ဆာဂျွန်ဂိုင်းစ်ကစားကွင်းကြီးထဲမှာ ပြုလုပ်တဲ့ မစ္ဆားတရားပွဲ အပြီးမှာ ပုပ်ရဟန်းမင်းဟာ ကက်သလစ်သာသနာပြုတွေနဲ့ တွေ့ဆုံဖို့ ဗာနီမိုမြို့ကို ဆက်လက်ကြွချီသွားပါတယ်။

ရဟန်းမင်းဟာ ၁၂ ရက် ၄ နိုင်ငံခရီးစဉ်ရဲ့ ဒုတိယမြောက်နိုင်ငံအဖြစ် PNG လို့ အတိုကောက်ခေါ်ကြတဲ့ ပါပူအာနယူးဂီနီကို ရောက်ရှိနေတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို အရင်ဆုံးကြွချီခဲ့ပြီး  ပါပူအာကို သောကြာနေ့ညနေပိုင်းကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ အရှေ့တီမောနဲ့ စင်ကာပူကို ဆက်လက်ကြွချီမှာဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်မှ ရောမကို ပြန်မှာဖြစ်ပါတယ်။

သက်တော် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ရဟန်းမင်းဟာ မကြာသေးမီနှစ်တွေအတွင်းမှာ ကျန်းမာရေး ချို့ယွင်းလာပြီး လက်တွန်းလှည်းနဲ့ သွားလာနေရပေမဲ့ သူ့ ရဟန်းမင်းသက်တမ်း ၁၁ နှစ်ကျော်အတွင်း အရှည်ကြာဆုံးခရီးစဉ်ကို ကြွချီခဲ့တာဖြစ်ပါတယ်။

ကက်သလစ်သာသနာဝင်တွေဟာ အာရှမှာ လူနည်းစုဖြစ်ပေမဲ့ ဘာသာပေါင်းစုံအကြား တွေ့ဆုံဆွေးနွေးရေးအပေါ် အာရုံစိုက်ပြီး ကြွချီခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့မွတ်စလင်လူဦးရေအများဆုံး အင်ဒိုနီးရှားခရီးစဉ်အတွင်းမှာ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ဗလီနဲ့ ဘုရားကျောင်းချိတ်ဆက်ထားတဲ့ ဥမင်ကိုလည်း သွားရောက်ခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013