Home
မြန်မာသတင်း
စစ်တွေတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ခံတပ်စခန်းများ တိုးချဲ့
DVB
·
September 6, 2024

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နယ်မှာ သြဂုတ် ၃၀ ရက်က စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ခံတပ်စခန်းတွေကို တိုးချဲ့ တည်ဆောက် နေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ် မင်းလှ(ခေါ်)မီးလောင်ရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံခဲ့သလို စက်တင်ဘာ ၁ ရက်ကလည်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ-စစ်တွေ)ကိုလည်း အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အခုလို ခံစစ်စခန်းတွေကို တိုးချဲ့တည်ဆောက်လာတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“မင်းလှရွာအနီးမှာ အာရက္ခတပ်တော်က တိုက်ခိုက်လိုက်တာ စစ်ကောင်စီဘက်က တော်တော်လေးကို အထိနာသွားတယ်။ နောက် ဒကစ ကိုလည်း လက်နက်ကြီးနဲ့ တိုက်ခိုက်လိုက်တော့ စစ်ကောင်စီက အရမ်းစိုးရိမ်နေတဲ့ သဘောပဲ။ ဒီဖြစ်စဥ်တွေဖြစ်ပြီး မင်းလှရွာက ချောင်းအတိုင်းလာရင်တွေတဲ့ ကံကော်ကျွန်းရွာကနေ ဒကစ အထိကို ကာကင်းပုံစံ ခံစစ်စခန်း ၅ ခုထက်မနည်းကို ချက်ချင်းတည်ဆောက်နေတယ်လို့ သိထားရတယ်။ မြို့တွင်းဆိုလည်း စစ်ဆေးရေး ဂိတ်အသစ်တွေ တိုးချဲ့တာတွေ၊ အရပ်သားတွေကို ဖမ်းဆီးတာတွေ များပြားလာတယ်။”

စစ်တွေမြို့နယ် မင်းလှကျေးရွာနားအနီး တိုက်ပွဲမှာ စစ်ကောင်တပ်သား ၃၀ ကျော်သေဆုံးပြီး စစ်လက်နက် အများအပြားကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ဒေသတွင်း သတင်းတရပ်မှာ ပြောကြားထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ မောင်တောမြို့သိမ်းပိုက်ပြီးရင် စစ်တွေမြို့ကို တိုက်ခိုက်မှုတွေ ရှိလာနိုင်တာကြောင့် စစ်ကောင်စီက စစ်တွေမြို့မှာ ခံစစ်ပြင်ဆင်လာတာ ဖြစ်နိုင်တယ်လို့ ရခိုင်စစ်ရေး အကဲခတ်တယောက်က ပြောပါတယ်။

“ရ​ခိုင်မြောက်ပိုင်းမှာက မောင်တောမြို့ကို သိမ်းပိုက်ပြီးရင်တော့ စစ်တွေကို တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်။ အာရက္ခတပ်တော်က ရခိုင်တပြည်လုံးကို သိမ်းပိုက်မယ်ဆိုတာလည်း အတိအလင်း ကြေညာထားပြီးသားဖြစ်တယ်။ အဲဒါကြောင့် စစ်ကောင်စီက ပြည်နယ် မြို့တော် စစ်တွေကို ဆုံးရှုံးခံရမှာ ကြောက်ပြီးတော့ ခံစစ်တွေ အခိုင်အမာ ပြင်ဆင်လာတာ။” 

စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပေါက်တော၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်က ကျေးရွာတွေကိုလည်း စစ်ကောင်စီက မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေပါတယ်။

ရခိုင်တိုက်ပွဲစတင်ပြီးနောက် စစ်တွေမြို့နယ်မှာ ရခိုင်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာ ၂၀ ကျော်ကို စစ်ကောင်စီက အတင်းရွှေ့ပြောင်းခိုင်ခဲ့သလို အရပ်သား ၇၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး ၄၀၀ ကျော်အား တရားစွဲဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013