စစ်ကောင်စီက မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ လိုက်တာဟာ တရုတ်က ကြားဝင်စေ့စပ်မယ့် ငြိမ်းချမ်းရေးလမ်းကြောင်းကို လက်မခံတာကို ပြသ လိုက်တာဖြစ်ပြီး တိုက်ပွဲတွေဆက်ပြီး ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်လိုက်ပြီလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က စက်တင်ဘာ ၂ ရက်မှာ ကြေညာခဲ့တာပါ။
အဲဒီအဖွဲ့တွေဟာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင်တပ်ရင်းတပ်ဖွဲ့တွေနဲ့ မြို့ပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ထားတာဖြစ်ပြီး လက်ရှိမှာလည်း စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို နယ်စပ်တည်ငြိမ်ရေးကို အကြောင်းပြပြီး စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့အတွက် တရုတ်အစိုးရရဲ့ ဖိအားပေး ခံနေရပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့ တိုင်းရင်းသားအဖွဲ့တွေအပေါ်မှာရော အာဏာသိမ်း စစ်ကောင်စီ အပေါ်မှာပါ ဩဇာအာဏာရှိနေတဲ့ တရုတ်အစိုးရရဲ့ ငြိမ်းချမ်းစွာဆွေးနွေးရေး လမ်းစဉ်ကို သွေဖယ်ပြီး စစ်ကောင်စီဘက်က အခုလို မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တာဟာ စစ်ပွဲအရှိန်ကို ဆက်မြှင့်မယ့်သဘောလို့ တရုတ်မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ စစ်ကောင်စီဟာ တပ်ရင်းဌာနချုပ်တွေ နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့မြို့တွေကို ဆုံးရှုံးလိုက်ပြီးနောက်ပိုင်းမှာ တရုတ်နိုင်ငံက ကြားဝင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုခဲ့သလို နှစ်ဖက်ဆွေးနွေးမှုတွေက အဆင်မပြေ ဖြစ်ခဲ့တဲ့နောက်ပိုင် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း ထပ်မံဖြစ်ပွားခဲ့တာပါ။
အာဏာသိမ်း စစ်ကောင်စီဘက်က သူတို့တွေ ဆုံးရှုံးသွားတဲ့မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရ ဖိအားပေးမှုတွေနဲ့ လက်နက်ခဲယမ်းတွေ အလွန်အကျွံအသုံးပြုခဲ့ပေမဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ခုခံမှုတွေကို မခံနိုင်တော့တဲ့ အချိန်မှာ အခုလိုမျိုး အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး အခုထက်ပိုမိုဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကို ထပ်မံ ကျူးလွန်ဖို့ ဖော်ဆောင်လိုက်တာလို့ စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
စစ်ကောင်စီဘက်က မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာလိုက်တာဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပြီး အပစ်အခတ်ရပ်ဖို့ကြိုးစားမှုကို အာဏာသိမ်းစစ် ကောင်စီဘက် က လက်မခံဘူးဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျင်းက မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကို ဩဂုတ် နောက်ဆုံးအပတ်ထဲမှာ ခေါ်ယူတွေ့ဆုံခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ဖြစ်နေတဲ့တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးကို အတွက် ခေါ်ယူတွေ့ဆုံခဲ့ ပါတယ်။
စစ်ကောင်စီဘက်ကတော့ မြောက်ပိုင်းညီနောင်အဖွဲ့ ၃ ဖွဲ့ဟာ လမ်း၊ တံတားတွေကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးပြီး လူနေထူထပ်တဲ့ မြို့ရွာတွေကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှု တွေလုပ်ဆောင်တာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာတာလို့ ထုတ်ပြန် ထားပါတယ်။
အောင်သူ