စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ချင်းရိုးရာ ဂျပ်ခုတ်လုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာပြီး လုပ်ကိုင်သူတွေနဲ့ လက်ဆင့်ကမ်းသင်ကြားတဲ့သူလည်း နည်းလာနေပါတယ်။
အိမ်ခြေ ၂,၀၀၀ ကျော်ရှိတဲ့ လက်ပံချောင်းရွာမှာ ချင်းလူမျိုးတွေ အများဆုံးနေထိုင်ကြပြီး ရှေးမူမပျက် လုပ်ကိုင်လာတဲ့ ချင်းရိုးရာ ဂျပ်ခုတ်လုပ်ငန်းကို လုပ်ကိုင်သူတွေ ရှားပါးလာကာ လက်ဆင့်ကမ်းသင်ပေးနေပေမဲ့ သင်ကြားလိုသူ အရေအတွက်ကလည်း နည်းလာတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ဂျပ်ခုတ်လုပ်ငန်းကို စစ်တပ်က အာဏာမသိမ်းခင်ကလောက် မရက်လုပ်နိုင်တော့ဘဲ သုံးပုံတပုံသာ ရက်လုပ်နိုင်တော့တယ်လို့ ဂျပ်ခုတ်လုပ်ငန်းကို ၈ နှစ်ကြာ လုပ်ကိုင်နေပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေတဲ့ ချင်းအမျိုးသမီး မရွန်ရဲမ်က ပြောပါတယ်။
“ဂျပ်ခုတ်က အရင်ကလောက် မရက်နိုင်တော့ဘူး။ သုံးပုံတပုံပဲ ရက်နိုင်တယ်။ လက်နက်ကြီးကလည်း ငါတို့ရွာကို ခဏခဏကျတယ်။ တိုက်ပွဲတွေဖြစ်လို့ စစ်ဘေးလည်း ရှောင်ရတယ်။ စားဝတ်နေရေးအခြေအနေက ငါတို့မိသားစုက ဒါမလုပ်ရင်လည်း တခြားလုပ်မယ့်ဟာလည်း မရှိတော့ ဒါပဲလုပ်နေရတယ်။ ချည်ကလည်း တဝက်ကျော်လောက် ဈေးတက်နေတော့ ပြန်ရောင်းရလို့လည်း ဈေးပိုမရဘူး။ စားမလောက်လည်း လုပ်စရာမရှိတော့ ဒီအလုပ်ပဲလုပ်ရတာ။ နိုင်ငံရေးအခြေအနေက မကောင်းတော့ စစ်ဘေးရှောင်ရတာတွေနဲ့ အလုပ်လုပ်ရတာ ခက်တော့ခက်တယ်။”
ချည်မျှင်ကို လက်နဲ့ရက်တဲ့ ဂျပ်ခုတ်နဲ့ ယက်ကန်းစင်ထိုးပြီးရက်တဲ့ ဂျပ်ခုတ်ဆိုပြီး ဂျပ်ခုတ်ရက်လုပ်တဲ့ လုပ်ငန်းအမျိုးအစား ၂ မျိုး ရှိပါတယ်။
ချင်းလူမျိုးတွေ အများစုဟာ တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ချင်းအမျိုးသမီးတွေကတော့ တောင်ယာလုပ်ငန်းက အားလပ်ချိန်မှာ အိမ်တွင်း တနိုင်တပိုင် ရိုးရာဂျပ်ခုတ်ကို ရက်လုပ်ကြပါတယ်။
ဂျပ်ခုတ်ထဘီတထည်ကို လက်နဲ့ရက်တဲ့ဂျပ်ခုတ်က အချိန်တလကျော် ရက်လုပ်ရပြီး တကွင်းကို ကျပ် ၅ သိန်းကျော် ပေါက်ဈေးရှိကာ ရက်ကန်းစင်နဲ့ ရက်လုပ်တဲ့ ဂျပ်ခုတ်ထည်ကတော့ တပတ်ဝန်းကျင် ရက်လုပ်ရကာ တကွင်းကို ကျပ် ၁ သိန်းကျော် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
လက်ရှိ ဂျပ်ခုတ်ရက်လုပ်ရာမှာ အသုံးပြုတဲ့ ချည်မျှင်တွေဟာလည်း ဈေးတက်လာသလို စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် အရင်ကလို ဂျပ်ခုတ်တွေ သိပ်မရက်လုပ်နိုင်တော့ဘူးလို့ ဂျပ်ခုတ်လုပ်ငန်းကို ၁၀ နှစ်ကျော် လုပ်ကိုင်နေတဲ့ ရက်ကန်းစက်ပိုင်ရှင် အမျိုးသမီးက ပြောပါတယ်။
ချင်းလူမျိုးတွေဟာ ရိုးရာဂျပ်ခုတ်ထည်တွေကို ပွဲလမ်းသဘင်တွေနဲ့ အခမ်းအနားနေ့တွေမှာ အမြတ်တနိုး ဝတ်ဆင်လေ့ရှိကြပြီး အခုနောက်ပိုင်းမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ၊ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ရိုးရာဂျပ်ခုတ်ထည်တွေ ပြည်တွင်းက ဝယ်ယူသူ နည်းပါးလာပြီး ပြည်ပရောက် ချင်းလူမျိုးတွေကသာ အများဆုံး ဝယ်ယူဝတ်ဆင်နေကြတာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ တိုက်ပွဲတွေကြားကပဲ လက်ပံချောင်းရွာက ချင်းအမျိုးသမီးတွေဟာ ရိုးရာဂျပ်ခုတ်လုပ်ငန်းတွေကို ပြေးရင်းလွှားရင်းနဲ့ လုပ်ကိုင်နေကြရတာကြောင့် ပုံမှန်ရက်လုပ်နိုင်ဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။