ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ဂွမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၃ ရက်ကတည်းက တောင်ကုတ်-ပန်းတောင်း ရိုးမတောင်ကျော်လမ်းမှာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ဂွမြို့နယ် ဆားချက်နဲ့ ကိုင်းခုံကျေးရွာအနီးတို့မှာလည်း စက်တင်ဘာ ၄ ရက်ကစပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်-ပန်းတောင်း လမ်းပိုင်းရှိ ခွေးတောက်၊ တန်းလျားကြီး၊ ရပ်တော်မူကျေးရွာ အနီးတွေမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူ ပေးခဲ့တယ်လို့ တောင်ကုတ်ဒေသခံတယောက်က ပြောပါတယ်။
“တောင်ကုတ်-ပန်းတောင်း ရိုးတောင်လမ်းမှာ စစ်ကောင်စီနဲ့ AA တို့ နှစ်ဖက် တိုက်ပွဲ ဖြစ်နေကြတာ ရှိတယ်။ စစ်ကောင်စီကတော့ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ ခုခံနေတာတွေ ရှိတယ်။ အထိအခိုက်တွေကတော့ မသိရသေးဘူး။ အဲဒီမှာ ဒေသခံတွေလည်း ရှိတော့ အရပ်သားထိခိုက်မှုရှိမှာတော့ စိုးရိမ်ရတယ်။”
တိုက်ပွဲနဲ့ သက်ဆိုင်မှုမရှိတဲ့ တောင်ကုတ်-အမ်း လမ်းပေါ်ရှိတဲ့ ကွမ်းစမ်းရွာ၊ မိုးကျေးရွာ အနီးကိုလည်း စစ်ကောင်စီက ဩဂုတ် ၄ ရက်မှာ လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဂွမြို့နယ် ဆားချက်၊ ကိုင်းခုံနဲ့ ဂန့်ဂေါ်တောင်ဆည်ကျေးရွာ အနီးမှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေကြပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဂွဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ဆားချက်၊ ကိုင်းခုံ ကျေးရွာနဲ့ ဂန့်ဂေါ်တောင်ဆည်ကျေးရွာ အနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
“ဂွမြို့နယ်အတွင်းမှာတော့ တိုက်ပွဲက မနေ့က တော်တော်လေးကို ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြတာ ဖြစ်တယ်။ ဒီနေ့လည်း ဖြစ်နေတုန်းပဲ။ စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေပါ တရစပ်ပေးနေတာ။ ဂွဘက်ကနေပြီးလည်း စစ်ကူတွေကို ကုလားပြင် ကျေးရွာကို ပို့နေတယ်လို့ သိရတယ်။”
အခုတိုက်ပွဲဖြစ်ပွားနေကြတဲ့ ဆားချက်၊ ကိုင်းခုံနဲ့ ဂန့်ဂေါ်တောင်ဆည် ကျေးရွာတွေဟာ စစ်ကောင်စီ ခံစစ်အခိုင်အမာ တည်ဆောက်ထားတဲ့ ကုလားပြင်ကျေးရွာနဲ့ ချောင်းတဖက်ကမ်းမှာ ရှိတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။
အာရက္ခတပ်တော်က ဂွမြို့နယ်အတွင်းမှာ ဩဂုတ် ၁၀ ရက်က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကျိန္တလီမြို့ကို ဩဂုတ် ၁၃ ရက်မှာ သိမ်းပိုက်ထားပါတယ်။
ဂွမြို့နယ်မှာ စစ်ကောင်စီက ဧရာဝတီဘက် စစ်ကူတွေ ပို့ဆောင်ထားပြီး ဂွမြို့အခြေစိုက် တပ်ရင်း တွေဖြစ်ကြတဲ့ ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တပ်ရင်းတွေမှာလည်း ခံစစ်ကို သေချာ ပြင်ဆင် နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။