ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၄ ရက် ည ၈ နာရီလောက်က Rangoon Urban Column က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုံးအတွင်းက ပျူစောထီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့ ဖောက်ခွဲမှုလုပ်တဲ့အချိန်က ရုံးပိတ်ခါနီးနေပြီ။ အဲဒီရုံးက ပျူစောထီးတွေ လူစုတယ် ဆိုပြီးတော့ တော်တော်များများက လာပြောကြတယ်။ ကျနော်တို့ စုံစမ်းကြည့်တော့လည်း ဟုတ်ပါတယ်။ ရပ်ကွက်ထဲက လူငယ် လူရွယ်တွေ အကုန်လုံးကို ဒုက္ခလိုက်ပေးနေတာ။”
Rangoon Urban Column အဖွဲ့က အဝေးထိန်းမိုင်း ၂ လုံးကို ရုံးအဝင် အုတ်တံတိုင်းနှစ်ဖက် အနီးမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုံးအဝင်အုတ်တံတိုင်းလည်း ပျက်စီးခဲ့ပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားနဲ့ရောက်လာပြီး လမ်းပိတ် စစ်ဆေးတာတွေ၊ ရုံးအနီးတဝိုက် အသွားအလာ ကန့်သတ်တာတွေနဲ့ စစ်ဆေးရေး တင်းကျပ်နေတယ်လို့ ပြောပါတယ်။
“ဖောက်ခွဲပြီးတော့ သူတို့ Double cap တွေနဲ့ ရောက်လာကြတယ်။ လမ်းရှည်ကြီးပိတ်ပြီး တော်တော်ကြာ စစ်နေတာ။ ရုံးနားတဝိုက် ဘယ်သူမှကပ်မရဘူး။ သူတို့ဘက်က သတင်းဖုံးချင်လို့ ထင်တာပဲ။ အရပ်ဝတ်တွေနဲ့ ရှုပ်နေပြီ။”
ဒါ့အပြင် Rangoon Urban Column က ဩဂုတ် ၂၃ ရက်ကလည်း အဲဒီအုပ်ချုပ်ရေးမှူးရုံးကို သတိပေးတဲ့အနေနဲ့ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။