မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မေ ၂၇ ရက် မနက်အစောပိုင်းက ဗုံးပေါက်ကွဲခဲ့တာကြောင့် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့သလို အနီးနားရှိ လူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သထုံမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့၊ နန်းခဲရပ်ကွက်၊ ဘူတာလမ်းရှိ နန်းခဲအုပ်ချုပ်ရေးမှူးရုံးဟာ စစ်ကောင်စီရဲ့ ယန္တရားကို လည်ပတ်နေတဲ့အတွက် သထုံမြို့ပြပြောက်ကျားတပ်ဖွဲ့က မေ ၂၇ ရက် မနက် ၃ နာရီမှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာကြောင့် ရုံးအဆောက်အအုံတခုလုံး ပျက်စီးခဲ့ပါတယ်။
သထုံမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက “ဒီမနက် ၃ နာရီ ၄ မိနစ်မှာ မိုင်းခွဲခဲ့တာပါ။ ရုံးကတော့ ပြိုကျသွားပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေတဲ့ရုံးမို့ ခွဲလိုက်တာပါ။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရတာကြောင့် ရပ်ကွက်ရုံးရှေ့မှာရှိတဲ့ နေအိမ် ၂ လုံး ဗုံးစထိမှန်ပြီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်လို့ သထုံမြို့ခံတဦးက ပြောပါတယ်။
“မနက်အစောကြီး ဗုံးပေါက်ကွဲသွားတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံ တခုလုံးကတော့ တော်တော်ပျက်စီးသွားတာ။ အရှေ့ကအိမ်နှစ်လုံးကတော့ ဗုံးစမှန်တာကော အသံအရမ်းကျယ်တော့ မှန်တွေကွဲသွားတာပါ။ အိမ်ရဲ့ တခြားထိခိုက်တာ မရှိသလို လူထိခိုက်တာလည်း မရှိပါဘူး။”
မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ လာကြည့်သလို အနီးနားက ဒေသခံတွေကိုလည်း စစ်ဆေးမေးမြန်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းခွဲဖျက်ဆီးခံရတဲ့ နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ၂၀၂၁ နိုဝင်ဘာ ၂၆ ရက်ကလည်း မိုင်းခွဲခံရခဲ့တာကြောင့် အခုတခါ မိုင်းခွဲခံရတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတည်းက သထုံမြို့အတွင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေ မကြာခဏ တိုက်ခိုက်ခံရသလို စစ်ကောင်စီသတင်းပေး ဒလန်တွေလည်း အသတ်ခံရတာကြောင့် စစ်ကောင်စီက ဆိုင်ကယ်နှစ်ယောက်စီးခွင့် ပိတ်ပင်ထားပါတယ်။