Home
နိုင်ငံတကာ
မြောက်ကိုရီးယား ဂြိုဟ်တုလွှတ်မည့်အစီအစဉ်ကို ဂျပန်နှင့် တောင်ကိုရီးယား တုံ့ပြန်
DVB
·
May 27, 2024
Japan_27052024

မြောက်ကိုရီးယားရဲ့ စစ်ရေးထောက်လှမ်းဂြိုဟ်တု လွှတ်တင်ဖို့ မျှော်လင့်ထားလို့ ဖြစ်လာနိုင်တဲ့ ရန်စမှုတွေအတွက် အပြည့်အဝ ပြင်ဆင်ထားတယ်လို့ တောင်ကိုရီးယားစစ်တပ်က မေ ၂၇ ရက်မှာ ပြောပါတယ်။

မေ ၂၇ ရက်ကနေ ဇွန် ၄ ရက်အတွင်း ပင်လယ်ဝါနဲ့ လူဇုံကျွန်း အရှေ့ဘက်ဆီ ဂြိုဟ်တုသယ်ထားတဲ့ ဒုံးပျံတစင်း ပစ်လွှတ်ဖို့ စီစဉ်ထားကြောင်း မြောက်ကိုရီးယားက ဂျပန်ဆီ အကြောင်းကြားခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က တနင်္လာနေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းဖို့ သံတမန်လမ်းကြောင်းတွေကတဆင့် တရုတ်အစိုးရကို ဂျပန်အစိုးရက မေ ၂၇ ရက်မှာ တောင်းဆိုခဲ့တယ်လို့ ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ယိုရှိမဆ ဟယရှိက တနင်္လာနေ့မှာ ပြောပါတယ်။

တနင်္လာနေ့မှာလုပ်ဖို့ စီစဉ်ထားတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကြား ၃ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ သတိပေးချက် ထွက်ပေါ်လာတာပါ။

မြောက်ကိုရီးယားဟာ သူ့ရဲ့ ပထမဆုံး စစ်သူလျှိုဂြိုဟ်တုကို နိုဝင်ဘာလမှာ လွှတ်တင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အစောပိုင်းက နှစ်ကြိမ်လွှတ်တင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အခုနှစ်မှာ နောက်ထပ် သူလျှိုဂြိုဟ်တု ၃ စင်းကို လွှတ်တင်မယ်လို့ ပြောထားပါတယ်။

နိုဝင်ဘာလမှာ ဂြိုဟ်တုဟာ အမေရိကန် သမ္မတအိမ်ဖြူတော်၊ ပင်တဂွန်စစ်ဌာနချုပ်နဲ့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အခင်းအကျင်းတွေကို ထောက်လှမ်းရေးဓာတ်ပုံတွေ ရိုက်ယူခဲ့တယ်လို့ အခိုင်အမာ ပြောခဲ့ပေမဲ့ ဘယ်ဓာတ်ပုံကိုမှ ထုတ်မပြခဲ့ပါဘူး။

မြောက်ကိုရီးယားနဲ့ ရုရှားခေါင်းဆောင်တွေဟာ ရုရှားနိုင်ငံ အရှေ့ဖျားက အာကာသလွှတ်တင်ရေး အဆောက်အအုံမှာ တွေ့ဆုံပြီးတဲ့နောက် ဂြိုဟ်တုကို အောင်အောင်မြင်မြင် လွှတ်တင်ခဲ့တာဖြစ်ပြီး သမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားကို ဂြိုဟ်တုတွေ တည်ဆောက်ရာမှာ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံ နယ်စပ်တဝိုက်မှာ ကင်းထောက် လှုပ်ရှားတာတွေ အရှိန်မြှင့် လုပ်နေတယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့ပြီး အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ချိုးဖောက်ရင် အရေးယူမယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က မေ ၂၆ ရက်မှာ သတင်းထုတ်လွှင့်ပါတယ်။

အမေရိကန်က RC-135 နဲ့ U-2S ဗျူဟာမြောက် ကင်းထောက်လေယာဉ် ၁၆ ​​စင်းနဲ့ RQ-4B ဒရုန်းတွေကို မေလ ၁၃ ရက်ကနေ ၂၄ ရက်အတွင်း ကိုရီးယားကျွန်းဆွယ်မှာ ပျံသန်းခဲ့တယ်လို့ မြောက်ကိုရီးယား ဒုတိယကာကွယ်ရေးဝန်ကြီး ကင်ဂန်အီလ်က ပြောပါတယ်။

တောင်ကိုရီးယား ရေတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကလည်း ကင်းလှည့်လှုပ်ရှားတာတွေကို အရှိန်မြှင့်ပြီး ရေကြောင်း နယ်နိမိတ်ကို ပိုမိုချိုးဖောက်ရင်း စစ်ရေးတင်းမာမှုကို တွန်းအားပေးနေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

တောင်ကိုရီးယားကနေ မီးပုံးပျံတွေနဲ့ လွှတ်တင်လိုက်တဲ့ ဝါဒဖြန့်ချိရေး လက်ကမ်းစာစောင်တွေကို “အန္တရာယ်ရှိတဲ့ ရန်စမှု” အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဝေဖန်ခဲ့ပါတယ်။

တောင်ကိုရီးယားကနေ ထွက်ပြေးလာသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အစားအသောက်၊ ဆေးဝါး၊ ငွေ၊ ရေဒီယိုအသေးစားတွေ၊  တောင်ကိုရီးယား သတင်းနဲ့ ပြဇာတ်တွေ၊ ဇာတ်လမ်းတွဲတွေ၊ မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေးလက်ကမ်းစာစောင်တွေ ပါတဲ့ မိုးပျံပူဖောင်းတွေကို ပုံမှန် လွှတ်တင် ပေးပို့နေကြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013