Home
မြန်မာသတင်း
ငွေဈေးကစားသူများကို အရေးယူမည်ဟု ဗဟိုဘဏ် ခြိမ်းခြောက်
DVB
·
May 27, 2024
Dollar-2

တရားမဝင် နိုင်ငံခြားငွေတွေ ရောင်းဝယ်ပြီး ငွေဈေးကစားနေသူတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈ နဲ့ ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ပါ အရေးယူ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က မေ ၂၆ ရက်မှာ ထုတ်ပြန်သတိပေး ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် AD လိုင်စင်ရ ဘဏ်တွေကိုလည်း နိုင်ငံခြားငွေတွေ ရောင်းဝယ်ရာမှာ Online Market Rate အတိုင်း ဆောင်ရွက်ဖို့နဲ့ ဗဟိုဘဏ်ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာဖို့ တွန်းအားပေး ဆောင်ရွက်နေပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ ဥပဒေတွေအရ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့လည်း မေ ၂၄ ရက်မှာ ဗဟိုဘဏ်က သတိပေး ပြောဆိုထားပါသေးတယ်။

အများပြည်သူကိုလည်း တရားဝင် နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့် လိုင်စင်ရှိတဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေမှာသာ လဲလှယ်ဝယ်ယူရောင်းချရမယ်လို့လည်း ဗဟိုဘဏ်က အမိန့်ထုတ်ထားပါတယ်။

လက်ရှိမှာ အွန်လိုင်း၊ Facebook တို့ကနေ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ လဲလှယ်ဝယ်ယူ ရောင်းချနေတဲ့ ငွေကြေးအဖွဲ့အစည်း ၁၆ ခုကို အရေးယူထားတဲ့အပြင် ပါဝင်ပတ်သက် ရောင်းဝယ်နေသူတွေကိုလည်း အရေးယူ ဆောင်ရွက်ထားတယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ လူမှုကွန်ရက် အကောင့်တွေထဲမှာ Moe Latt၊ Si Thu & bro များ၊ ရန်ကုန်ငွေဈေး၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange၊ ဒေါ်လာရောင်းဝယ်၊ ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင်၊ December Snow၊ June Lin Htet Naing၊ Htet Yan Money Exchange၊ Global Value Services-GVS Money Exchange and Transfer၊ Boss Online Money Exchange Services (Family Money Exchange)၊ Lucky Sky Gold Smith (Facebook Page)၊ Nay Myo Htet (Facebook Page)၊ Gold Market Myanmar (Facebook Page)၊ Ye Mon၊ Naing Lu စသဖြင့် ပါဝင်ပါတယ်။ 

ဒါ့အပြင် ပြည်ပကနေ နိုင်ငံခြားငွေ အရောင်းအဝယ် ဆောင်ရွက်နေတဲ့ facebook Page တွေ၊ ဖုန်းနံပါတ်တွေကိုလည်း သက်ဆိုင်ရာ ဗဟိုဘဏ်တွေကို အကြောင်းကြားပြီး အရေးယူ ဆောင်ရွက်ဖို့ ညှိနှိုင်းနေတယ်လို့လည်း စစ်ကောင်စီ ဗဟိုဘဏ်က ဆိုထားပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က အွန်လိုင်းကနေ တရားမဝင် ငွေကြေးလုပ်ငန်းလုပ်သူတွေ၊ ဈေးကစားသူတွေကို အရေးယူနေတယ်လို့ မေ ၂၄ ရက်က ကြေညာပြီးနောက်ပိုင်း အွန်လိုင်း နိုင်ငံခြားငွေလဲသူတွေ အရေးယူခံခဲ့ရတာပါ။

အခုလို နိုင်ငံခြားငွေဈေး တည်ငြိမ်ကျဆင်းဖို့အတွက် အရေးယူတာတွေ လုပ်ဆောင်နေပေမဲ့ အမေရိကန်ဒေါ်လာငွေလဲနှုန်းနဲ့ ပြည်တွင်းရွှေဈေးက ဈေးပြန်ကျဆင်းသွားခြင်း မရှိသေးပါဘူး။

မေ ၂၇  ရက် မွန်းလွဲပိုင်းမှာ အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၄,၂၀၀ ထိ မြင့်တက်နေပြီး  ရွှေဈေးကလည်း အခေါက်ရွှေတကျပ်သားကို ကျပ် ၅၂ သိန်းဝန်းကျင်ထိ ရှိနေပါတယ်။

အခုလို မြန်မာကျပ်ငွေ ထိုးကျလာတာက နိုင်ငံပို့ကုန်တွေ ကျဆင်းပြီး နိုင်ငံခြားငွေ ရှားပါးလာတာ၊ ပြည်ပထွက်ခွာသူ များလာပြီး ဒေါ်လာလိုအပ်ချက် မြင့်လာတာ၊ လူထုက ကျပ်ငွေအပေါ် ယုံကြည်မှုမရှိတော့တာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ ငွေကြေးဈေးကွက် စောင့်ကြည့်သူတွေက ထောက်ပြကြပေမဲ့ စစ်ကောင်စီကတော့ တရားမဝင် ငွေကြေးဈေးကစားသူတွေကြောင့် ဈေးကွက်မတည်ငြိမ်ဖြစ်နေတာလို့ ဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013