ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ မေ ၂၆ ရက် ညပိုင်းက စစ်ဘေးရှောင်မော်တော်ယာဉ်တွေ ပစ်ခတ်ခံရပြီး စစ်ဘေးရှောင်ပြည်သူ အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
တစ်ရှူးငှက်ပျောခြံတွေနဲ့ ရွှေမှော်တွေမှာ အလုပ်လုပ်ကိုင်သူ အမျိုးသား၊ အမျိုးသမီး ၁၀၀ ကျော်ဟာ မော်တော်ယာဉ်တွေနဲ့ စစ်ဘေးတိမ်းရှောင်လာစဉ် ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတဦးက “ရွှေညောင်ပင်ကျေးရွာဘက်ကနေ စစ်ဘေးရှောင်လာကြတာ။ ည ၁၀ နာရီကျော်လောက် ငှက်ပျောတောနဲ့ ရွှေမှော်မှာ အလုပ်လုပ်နေတဲ့သူတွေ ကားတွေနဲ့ရှောင်လာရင်း ဝိုင်းမော်မြို့အဝင် ဆိုင်းဘုတ်နားမှာ အပစ်ခံရတယ်။ အားလုံး အယောက် ၂၀ ကျော်လောက် ထိခိုက်ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
ရွှေညောင်ပင်ကျေးရွာဘက်ကနေ ငှက်ပျောကားနှစ်စီး၊ သုံးဘီးယာဉ်တစီး၊ ဟိုက်ဂျက်ကား တစီး၊ အိမ်စီးကားတစီးနဲ့ စစ်ဘေးရှောင်လာသူ အမျိုးသား၊ အမျိုးသမီး ၁၀၀ ကျော်ပါ မော်တော်ယာဉ်တွေကို ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဘေးရှောင် မော်တော်ယာဉ်တန်း ပစ်ခတ်ခံရတဲ့အတွက် စစ်ဘေးရှောင် ၂၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဝါရှောင်ဆရာတော် ငြိမ်းချမ်းရေး၊ ဆွေးနွေးရေး အကျိုးဆောင် (PCG) အဖွဲ့တို့က ဆွေးနွေးမှုပြုလုပ်ပြီး လူမှုကယ်ဆယ်ရေးအသင်းယာဉ်တွေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ကြပါတယ်။
Photo - ဝါရှောင်ဆရာတော်