အခုနှစ်ကျောင်းဖွင့်ရာသီမစခင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောင်းဆရာ/မတွေအားလုံးကို စစ်တွေကို လာရောက်ကြဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ယူထားကြောင်း ဆရာ/မတွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အခုမေလအတွင်း စစ်တွေမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံးကို မပျက်မကွက် လာရောက်ကြဖို့နဲ့ မလာရောက်နိုင်သူတွေကို လစာ ၃ လစာ ပြန်ပေးရဖို့ဆိုပြီး အဓမ္မခေါ်ဆောင်ထားတယ်လို့ စစ်တွေမြို့ခံဆရာမတဦးက ပြောပါတယ်။
“ပြည်နယ်ပညာရေးမှူးရုံးကတဆင့် ခေါ်ခိုင်းတာပါ၊ ဒီလအတွင်း အရောက်လာဖို့။ ဆရာ/မတွေ လာဖို့အတွက်လည်း လမ်းကြောင်းတွေ ဖွင့်ထားပေးမယ်လို့ ပြောတယ်။ မြောက်ပိုင်းက အားလုံးရောက်ပြီဆိုတာနဲ့ လမ်းတွေပြန်ပိတ်မယ်လို့လည်း သတင်းကြားထားတယ်။”
စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်က မြို့တွေ တော်တော်များများကို လက်လွှတ်ဆုံးရှုံးခံထားရပြီးနောက် ခုခံကာကွယ်ဖို့အတွက် စစ်တွေမှာ မွတ်ဆလင်လက်နက်ကိုင် ၁၀၀၀ ကျော်ကို သင်တန်းတွေပေးပြီး လက်နက်တပ်ဆင်ပေးထားကာ အာရက္ခတပ်တော် (AA) ကို ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှ ကျောင်းဆရာမတဦးက “အခုလို ဆရာ/ဆရာမတွေကို ခေါ်တာက လူသားဒိုင်းအဖြစ် အသုံးချဖို့လို့ မြင်တယ်။ လာဖို့အတွက် လမ်းဖွင့်ပေးမယ်ပြောပြီး ချက်ချင်း ပြန်ပိတ်မယ်ဆိုတော့ သွားမယ့်သူအဖို့ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ” လို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် AA ရဲ့ ထိုးစစ်ကို ခုခံဖို့အတွက် စစ်တွေမြို့ကို နောက်ဆုံးခံတပ်မြို့တခုအဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး စစ်ရေးအရ ပြင်ဆင်မှုနေကြောင်း ဒေသခံတွေကြား ဝေဖန်ပြောဆိုနေကြပါတယ်။