သံလွင်သီးအချဉ်ပေါင်းတွေ့တော့ အရမ်းကိုစားကြည့်ချင်တာနဲ့ ဝယ်လိုက်တယ်။ တထုပ် ၂၀ ဘတ်တဲ့။ ၁၅ လုံးလောက်ပဲ ပါတယ်။ တလုံး တဘတ်မက ကျတယ်။ ထားပါ။ စားချင်တာ စားနေရရင်ကို အဆင်ပြေနေတာ။ နေကောင်း ကျန်းမာပေါ့။
သံလွင်သီးပေါင်း စားရင်း ငယ်ငယ်တုန်းက အမေလုပ်ကျွေးတဲ့ သံလွင်သီး ဆားစိမ်ကို သတိရတယ်။ အမေက ကလေးတွေ သံလွင်သီးခူးလာပြီဆိုရင် သံလွင်သီးကို ရေလေးဆေးပြီး ဆားရည်လေးနဲ့ စိမ်ထားပေးတယ်။ ထုံးလေးနည်းနည်း ထည့်စိမ်တယ်၊ နည်းနည်းလေးမာအောင်။ သုံးလေးရက်လောက်ဆို စားလို့အနေတော်ပဲ။ ဆား၊ ငရုတ်သီးလှော်မှုန့်၊ မဆလာလေးနဲ့ တို့စားလို့ကတော့ တကယ်ကောင်းပဲ။
သံလွင်ပင်ဆိုလို့ ရွာနဲ့ နည်းနည်းလှမ်း (တာပေါ်က တက်ကြည့်ရင်မြင်ရ) တဲ့ ဟိုဘက်ရွာက ဘုန်းကြီးကျောင်းမှာ တပင်ရှိတယ်။ ရွာထဲ (ကမ်းနားဘက်က အခြမ်းကိုခေါ်တာ) မှာ ချုံကြားထဲမှာ တပင်ရှိတယ်။ ချုံထဲဆိုတော့ မသွားရဲလို့ မခူးရဘူး။ သံလွင်ပင်က မြွေစိမ်းလည်း ကြိုက်တယ် (နေတယ်) ဆိုလို့ အိမ်ကလည်း သွားရင်ဆူတယ်။ တခါတလေ သွားခူးချင်ပြီဆို လူကြီးပါမှ လွှတ်တယ်။ ဒါနဲ့ သံလွင်သီး သီးချိန်ဆို မကြာခဏ လမ်းကြုံတိုင်း မကြုံ ကြုံအောင် လူကြီးတယောက်ယောက်ကို ခေါ်သွားပြီး ခူးတာက ဘုန်းကြီးကျောင်းက အပင်ပဲ။
သံလွင်သီးက မိုးဦးကျလောက်ဆို အပွင့်လေးတွေ ပွင့်တယ်။ မိုးလယ်လောက် ဝါဆို ဝါခေါင် ရေတက်ချိန်ဆို အသီးတွေ သီးပြီ။ တော်သလင်းလလောက်ဆို အသီးတွေ မမှည့်တမှည့်တွေ ဖြစ်ရော။ အဲဒီအချိန်ကျ ရေလေးကလည်း တက်တဲ့အချိန်ဆိုတော့ လှေလေးနဲ့ ကျောင်းပြန်ချိန်၊ ကျောင်းပိတ်ရက် အဲလိုအခါတွေဆို လှေကပ်ပြီး ခူးတာပဲ။
သံလွင်သီးပင်ရှိတဲ့ရွာက ငယ်ငယ်က ကျောင်းသွားတက်ရတဲ့ရွာပေါ့။ ရေတက်ချိန်ဆို အိမ်က လှေနဲ့လိုက်ပို့တယ် ကျောင်းအထိ။ လှေနဲ့လိုက်ပို့တဲ့ရက်ဆို ပျော်သလားမမေးနဲ့။ ရွှံ့ထဲ ဗွက်ထဲ လမ်းမလျှောက်ရတော့ဘူးလေ။ လှေပေါ်မှာတင်ပဲ အိမ်က ကလေးက လေးယောက်။ အဖေက လှေပဲ့က လှော်တယ်ဆိုတော့ ငါးယောက်။ တခါတလေ သူများကလေးတွေပါ လမ်းကြုံ တင်ခေါ်သေးတာ အိမ်က အဖေက။
လှေလမ်းက သံလွင်ပင်နားက ဖြတ်သွားရတယ်။ ကျောင်းသွားချိန်ဆို အပင်နားကဖြတ်ရင် လှမ်းဆွဲချင်တာ။ အဖေ ကြောက်ရတော့ အဆူခံရမှာစိုးလို့ မခူးရဲဘူး။ ညနေပြန်ရင် မိုးမရွာရင် ခူးမယ်ေနာ်လို့ ခွင့်တိုင်ထားရတယ်။ ညနေပြန်ချိန်ကျ တခါတလေ ခူးရတယ်။ အမြဲတမ်းလည်း ပေးမခူးဘူး။ သံလွင်ပင်မှာ မြွေစိမ်းရှိလို့တဲ့။
သံလွင်သီးအရောင်က အစိမ်းရောင်။ အသီးပုံက ဘဲဥပုံလေး။ အစိမ်းဆိုရင် အစေးထွက်တယ်။ အစေးက အဖြူရောင်၊ အရသာက အချဉ်နဲ့ ဖန်တွတ်တွတ်အရော။ အမှည့်ဆိုလည်း အစေးအရသာတော့ နည်းနည်းရှိသေးတယ်။ ဒါပေမဲ့ စားခံတွင်းလိုက်တယ်။ ချဉ်ပြုံးလေး။ ဆားလေးနဲ့တို့စားလည်း အရသာရှိတယ် ကြိုက်တဲ့သူဆိုရင်။ ဆားရည်စိမ်ကတော့ အကောင်းဆုံးပဲ။
ဟိုတနေ့က Online ပေါ်မှာ စာတွေဖတ်ရင်းနဲ့ သံလွင်သီးအကြောင်း သွားတွေ့တယ်။ Hello ဆရာဝန်က တင်ထားတာ။
သံလွင်သီးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် နှလုံးရောဂါ၊ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေကာ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်တယ်တဲ့။
သံလွင်သီးက နှလုံးကိုလည်း ကျန်းမာစေနိုင်တယ်။ သံလွင်သီးမှာပါတဲ့ Oleic acid က သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL) ပမာဏကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးပါတယ်။ လေ့လာမှုတွေအရကတော့ သံလွင်သီးက သွေးမတိုးစေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။ ပြီးတော့ အရိုးတွေ သန်မာစေတယ်။
လေ့လာမှုတွေအရ သံလွင်သီးမှာပါတဲ့ အပင်ဒြပ်ပေါင်းက အရိုးဆုံးရှုံးမှုကို ကာကွယ်ပေးတယ်လို့လည်း ဆိုပါတယ်။
ကင်ဆာကိုလည်း ကာကွယ်ပေးတယ်။
သံလွင်သီး စားသုံးတဲ့သူတွေ သံလွင်ဆီ စားသုံးသူတွေဟာ ကင်ဆာနဲ့ အခြား နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေနည်းတာကို တွေ့ရှိခဲ့ရတယ်တဲ့။ ဒီတော့ ဖြစ်နိုင်တာက သံလွင်သီးက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့လည်း သိရတယ်။
သံလွင်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ oleic acid တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်မလာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးတယ်တဲ့။
သံလွင်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် E၊ ဆိုဒီယမ်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်နဲ့ phosphorus တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။
သံလွင်သီးမှာ သံဓာတ် ပြည့်ဝစွာ ပါဝင်နေတာကြောင့် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်။
သံလွင်သီးက အမျှင်ဓာတ်ပြည့်ဝတဲ့ အသီးတမျိုး ဖြစ်တာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေသလို အူနံရံတွေကို အာဟာရစုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်တဲ့။
ဒါတွေအပြင် သံလွင်သီးက သွေးကြောပိတ်ဆို့မှု ကင်းစေတယ်။ အသားအရေကို လှပစေတယ်။ ဆံသား ကျန်းမာစေတယ်။ မှတ်ဉာဏ်ပြဿနာ ကင်းစေတယ်။ ဆဲလ်တွေ ထိခိုက်ပျက်စီးမှုက ကာကွယ်ပေးတယ်။ ဝိတ်ကျစေနိုင်တယ်။ သွေးတိုးကျစေတယ်။ မျိုးအောင်စေနိုင်တယ်။ အာဟာရပြည့်ဝစေတယ်။ စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိတဲ့အကြောင်း သိခဲ့ရပါတယ်။
ခုခေတ်မှာတော့ သံလွင်သီးကို အသီးအနေနဲ့လည်း ပီဇာတို့ ပေါင်မုန့်တို့လိုမျိုးမှာ ထည့်စားတာတွေ တွေ့နေရပြီး အဆီကိုလည်း ဟင်းချက်ရာမှာ၊ ဆံပင်မှာ ခန္ဓာကိုယ်မှာ စတဲ့ နေရာအတော်များများမှာ အသုံးပြုနေကြတာ တွေ့ရပါတယ်။
အိမ်ကအမေကတော့ ဒီလိုအကျိုးတွေရှိတာသိလို့ ကျွေးတာမဟုတ်ပေမဲ့ သံလွင်သီးလို ဗီတာမင်တွေ အာဟာရဓာတ်တွေ ကြွယ်ဝပြီး အခါးဓာတ်ရှိတဲ့ အရာကြီးကို စားလို့ကောင်းအောင် ကြိုက်တတ်လာအောင် ကျွေးခဲ့တဲ့ အမေ့ကို ဒီအချိန်မှာ ပိုလို့တောင် ကျေးဇူးတွေ တင်နေမိပါသေးတယ်။
ဒီကာလမှာတော့ လူတိုင်းလိုလို အခက်အခဲ အချိုးအကွေ့တွေကြား ရုန်းကန်ရင်း နေထိုင်နေကြရတယ်။ ကိုယ်စီ လှုပ်ရှားရင်း ကျရာကဏ္ဍမှာ နိုင်ရာဝန်ထမ်းနေကြရပေမဲ့ လူတိုင်းမှာ အိမ်လွမ်းစာလေးတမျိုးတော့ ရှိကြမှာပါ။
ကျမမှာလည်း အိမ်လွမ်းစာတွေ ရှိပါတယ်။ ရေမြေခြားမှာ စားသောက်ရတာ အဆင်မပြေတိုင်း အမေချက်ကျွေးတဲ့ အရွက်စုံအိုးကပ်၊ မြေပုံသီး (ခရမ်းချဉ်သီး) ငပိချက်တွေကို လွမ်းတယ်။ အမေ့အိမ်လေးကို သတိရတယ်။ အမေ့လက်ရာလေးတွေကို လွမ်းတယ်။ ဒီတခါ အမေ့အိမ် ပြန်ရောက်ရင် သံလွင်သီးဆားရည်စိမ်နဲ့ အိမ်လွမ်းစာတွေ တဝကြီး စားပစ်မယ်လို့ တွေးတောရင်း ရေခြားမြေခြားမှာ လှုပ်ရှားရုန်းကန်လိုက်ပါဦးမယ်။ ။
မအိ(ရေကြည်)