Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် တရားမဝင်ဧည့်လမ်းညွှန်လုပ်သော မြန်မာ ၈ ဦး ဖမ်းဆီးခံရ 
DVB
·
May 27, 2024
ภาพปก-2024-05-23T213538

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းမှာ တရားမဝင်ဧည့်လမ်းညွှန် ဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ကော်ဖငန်းမြို့နယ် ခိုတောင်(လိပ်ကွန်း) နဲ့ နန်းယွန်းကျွန်းပေါ်မှာ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံသားတွေသာလျှင် လုပ်ကိုင်ခွင့်ရှိတဲ့ တိုးရစ်စ်ဂိုက် (ဧည့်လမ်းညွှန်) အလုပ်ကို ဝင်ရောက် လုပ်ကိုင်နေကြောင်း တိုင်ကြားချက်ရတဲ့အတွက် ခရိုင်လဝကရဲ၊ တိုးရစ်စ်ရဲနဲ့ နယ်မြေခံရဲတွေ ပူးပေါင်းပြီး စုံစမ်းထောက်လှမ်းမှုတွေ ပြုခဲ့ပါတယ်။ 

ထောက်လှမ်းရေးရဲတွေဟာ ကော်စမွီ နဲ့ ခိုတောင် ခရီးသွားလုပ်ငန်းကုမ္ပဏီ ၂ ခုကနေ အလည်အပတ်ထွက်ဖို့ ပက်ကေ့ချ်ဝယ်ခဲ့ယူခဲ့တယ်၊ မေ ၂၃ ရက်နေ့မှာ ခရီးသွားဧည့်သည် အသွင်ဆောင်ပြီး ခရီးစဉ်တလျှောက် လိုက်ပါသွားခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ လှေ ၂ စီးဖြစ်ပြီး မြန်မာနိုင်ငံသားတွေက ဧည့်သည်တွေကို လည်ပတ်စရာနေရာတွေ ခေါ်ဆောင်သွားပြီး ဒေသအကြောင်း ရှင်းပြတယ်။ ရေငုပ်တဲ့နေရာ ခေါ်သွားတယ်၊ ကုန်းပေါ်က ဗျူးပွိုင့်ရှုမျှော်ခင်းတွေလည်း လိုက်ပို့တယ်။ သူတို့ဟာ တကယ့်ဧည့်လမ်းညွှန်တွလို လုပ်နေတာကို အရပ်ဝတ်ထောက်လှမ်း‌ရေးတွေက သက်သေအဖြစ် ဓာတ်ပုံတွေရိုက်ထားခဲ့တယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။ 

ခရီးစဉ်အဆုံးမှာ တရားမဝင်ဧည့်လမ်းညွှန်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၆ ဦးနဲ့ စက်လှေ ခုတ်မောင်းတဲ့ မြန်မာ ၂ ဦး စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့တယ်။ သူတို့မှာ နေထိုင်ခွင့်သက်သေ အထောက်အထားတွေရှိပေမဲ့ အလုပ်သမားဥပဒေက ခွင့်မပြုတဲ့အလုပ်မှာ ဝင်‌ရောက်လုပ်ကိုင်မှု၊ လှေမောင်းသမား ၂ ဦးမှာ စက်လှေမောင်း လိုင်စင်မရှိဘဲ ခုတ်မောင်းမှု၊ အလုပ်‌ရှင် ပြောင်းလဲတာကို ၁၅ ရက်အတွင်း သက်ဆိုင်ရာကို အကြောင်းမကြားမှု စတာတွေနဲ့  အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ခရီးသွားကုမ္ပဏီမှာ တရားမဝင်ဧည့်လမ်းညွှန်ခအတွက် ငွေကြေးကောက်ခံပေးခဲ့တဲ့ ဗြိတိန်နိုင်ငံသား ၁ ဦးနဲ့ ဩစတြေးလျနိုင်သံသား ၁ ဦးတို့ပါ အမှုဖွင့် အရေးယူခံရမယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောသွားပါတယ်။ 

ကိုးကား - Daily News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013