အမှောင်ဆန်ဆန် ရယ်ဖွယ်ပုံစံနဲ့ စိတ်ထိခိုက်ဖွယ်ရာ ရိုက်ကူးထားတဲ့ အဖော်အချွတ် အကမယ်လေးနဲ့ ရုရှားခရိုနီသူဌေးသားတို့အကြောင်း ဒရာမာဇာတ်ကား Anora ဟာ ပြင်သစ်က နာမည်ကျော် Cannes ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆု ဆွတ်ခူးသွားခဲ့ပါတယ်။
ရုရှားမှာ အာဏာပိုင်တို့နဲ့ပတ်သက်မှု အကြောင်းပြုပြီး အဆမတန် ချမ်းသာကြွယ်ဝလာကြသူတွေကို အော်လီဂါ့ချ်လို့ ခေါ်ကြပြီး မြန်မာပြည်က ခရိုနီနဲ့ သဘောတရား အတူတူပါပဲ။
ဒီနှစ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇာတ်ကား ၂၁ ကားထဲမှာ ဖရန်စစ်ကော်ပိုလာနဲ့ ဒေးဗစ်ခရွန်နန်ဘာ့ဂျ်တို့လို နာမည်ကျော်ဒါရိုက်တာကြီးတွေရဲ့ ဇာတ်ကားတွေလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ လိင်လုပ်သားအကြောင်း အသားပေးရိုက်လေ့ရှိသူအဖြစ် ထင်ရှားတဲ့ အမေရိကန် ဒါရိုက်တာ ရှောင်ဘေကာရဲ့ Anora ဇာတ်ကားက အမြင့်ဆုံးဆုရခဲ့တာ ဖြစ်ပါတယ်။
မေ ၂၅ ရက်က ဆုပေးပွဲမှာ Palme d'Or ဆုပြီးရင် ဒုတိယအမြင့်ဆုံးဆုလို့ ပြောလို့ရတဲ့ Grand Prix ဆုကိုတော့ အိန္ဒိယဇာတ်ကား “All We Imagine As Light” က ရရှိသွားပါတယ်။
အမျိုးသားတွေ လွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းမှာ အခန်းအတူတူငှားနေကြတဲ့ အမျိုးသမီး နှစ်ယောက်အကြောင်း ရိုက်ကူးထားတာဖြစ်ပြီး ဒီဇာတ်ကားဟာ Cannes ရုပ်ရှင်ပွဲတော်မှာ အနှစ် ၃၀ အတွင်း ပထမဆုံးဝင်ပြိုင်တဲ့ အိန္ဒိယဇာတ်ကားလည်း ဖြစ်ပါတယ်။
ပြည်ပကို တိမ်းရှောင်လာရတဲ့ အီရန်ဒါရိုက်တာ မိုဟာမက် ရာဆူလောဖ့်ကတော့ ဆန္ဒပြပွဲတွေ ပြင်းထန်လာချိန်မှာ တုန်လှုပ်ချောက်ချားရတဲ့ အီရန်တရားရုံးအရာရှိတယောက်အကြောင်း ဇာတ်ကား The Seed of the Sacred Fig အတွက် အထူးဆုရခဲ့ပါတယ်။
ယောက်ျားကနေ မိန်းမပြောင်းလိုက်တဲ့ မက္ကဆီကိုလူဆိုးဂိုဏ်းခေါင်းဆောင်အကြောင်း ဂီတဇာတ်မြူး Emilia Perez ကလည်း ဆု ၂ ဆု ရခဲ့ပါတယ်။ အဲဒီကားရဲ့ ဒါရိုက်တာ ဂျက်အော်ဒီးယက်က ဂျူရီဆုရခဲ့သလို ဇာတ်ကားထဲက အမျိုးသမီးသရုပ်ဆောင် ဇိုး ဆာလ်ဒါးနားကလည်း အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရခဲ့ပါတယ်။
သူနဲ့အတူ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဆယ်လီနာဂိုးမက်ဇ်၊ ကာလာ ဆိုဖီယာဂတ်စ်ကွန်နဲ့ အက်ဒရီယာနာ ပက်ဇ်တို့လည်း ပူးတွဲဆွတ်ခူးခဲ့ပါတယ်။
ဂျက်ဆီပလာမန်းဇ်က Kinds of Kindness ဇာတ်ကားမှာ ဇာတ်ကောင်စရိုက်သုံးမျိုး သရုပ်ဆောင်ပြီး အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရခဲ့ပါတယ်။
“Star War” “Indiana Jones” ဇာတ်ကားတွေနဲ့ ထင်ရှားတဲ့ နာမည်ကျော်ဒါရိုက်တာကြီး ဂျော့ချ်လူးကပ်စ် ကိုတော့ ဂုဏ်ထူးဆောင် ပမ်လ်ဒေါ ဆု ချီးမြှင့်ခဲ့ပါတယ်။
Source/Photo - Reuters