ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် မိုးသက်လေပြင်းတွေ ကျရောက်ခဲ့ပြီး သိန်းနဲ့ချီတဲ့ ဒေသခံတွေကို နေအိမ်တွေကနေ ဘေးလွတ်ရာကို ကယ်ထုတ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းမှာနေတဲ့ ရွာသားတွေဟာ မေ ၂၈ ရက်မှာ ကုန်းတွင်းပိုင်းကိုဝင်လာမယ့် ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်ကို ရင်ဆိုင်ဖို့ အစိုးရက စီစဉ်ပေးထားတဲ့ မုန်တိုင်းရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်ဖို့ ဝန်လေးနေကြတယ်လို့ ပြောပါတယ်။
မုန်တိုင်းအန္တရာယ်ကို စေတနာ့ဝန်ထမ်းတွေက ထပ်ခါတလဲလဲ သတိပေးနေပေမဲ့ ဒါကိုပီမြို့မှာ နေသူတွေကတော့ ခိုလှုံရေးစခန်းမှာ ခိုလှုံတာထက်စာရင် အိမ်မှာပဲ နေချင်တယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုနှစ်မှာ ပထမဆုံး ဝင်ရောက်တိုက်ခတ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်ဟာ လေတိုက်နှုန်း တနာရီ ၇၅ မိုင်အထိရှိတဲ့ မုန်တိုင်းပါ။
မုန်တိုင်းက ကုန်းတွင်းဝင်ချိန်နဲ့ ဒီရေတက်ချိန်တို့ ထပ်တူကျခဲ့ရင် ကမ်းရိုးတန်းခရိုင် အများအပြားမှာ မလွှဲရှောင်သာအောင် ရေလွှမ်းနိုင်ပြီး လူသန်းနှင့်ချီ ရေမြုပ်သွားနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
ဆိပ်ကမ်း ၂ ခုနဲ့ ကမ်းရိုးတန်းခရိုင် ၉ ခုအတွက် မုန်တိုင်းအန္တရာယ် အချက်ပြမှုကို အမြင့်ဆုံး အဆင့် ၁၀ ဆီ တနင်္ဂနွေနေ့မှာ မြှင့်တင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက အသံချဲ့စက်နဲ့ လိုက်လံ သတိပေးခဲ့ပါတယ်။
ဒါကိုပီမြို့က စေတနာ့ဝန်ထမ်းတွေကလည်း မုန်တိုင်းဝင်လာချိန်မှာ နေထိုင်သူတွေကို သတိပေးဖို့ အလံတွေကို လွှင့်ထားတာ တွေ့ရပါတယ်။
အနောက်ဘင်္ဂလားဒေသဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဆိုင်ကလုန်းမုန်တိုင်းငယ် တဒါဇင်ကျော် ကြုံတွေ့ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံတို့မှာ အပျက်အစီးတွေ ကျန်ရစ်ခဲ့တယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။
၂၀၀၇ ခုနှစ်က ဆိုင်ကလုန်းမုန်တိုင်း စီဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။
Source/Photo-Reuters