Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်မှုထမ်းလူစားထိုးခ ကျပ်သိန်း ၂၀ တောင်း၊ ရန်ကုန်တွင် ကျောင်းသားများကိုပါ စာရင်းကောက်
DVB
·
May 26, 2024
SAC Military_26052024

ဧရာဝတီတိုင်းမှာ စစ်မှုထမ်း လူစားထိုးခအဖြစ် တယောက်ကို တလငွေကျပ်သိန်း ၂၀ အထိ သတ်မှတ် ကောက်ခံနေပြီး ရန်ကုန်က မြို့နယ်တွေမှာတော့ စစ်မှုထမ်း ယာယီကင်းလွတ်ခွင့်ထဲ အကျုံးဝင်နေတဲ့ သက်ပြည့်ကျောင်းသားတွေကိုပါ စာရင်းကောက်ခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့ မဲပေါက်သူ တယောက်အတွက် လူစားထိုးစရိတ် တလငွေကျပ်သိန်း ၂၀ ကို မေလ ဒုတိယပတ်ကစတင်ပြီး ကောက်ခံနေပြီး မဲပေါက်သူတွေအနေနဲ့ တနှစ်စာအတွက် ငွေကျပ်သိန်း ၂၄၀ ပေးရမယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အမျိုးမျိုးပဲလုပ်နေတာ။ ပြည်သူတွေတော့ အတော့်ကို ခံထိနေပြီ။ အောက်ခြေ အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေ ပေါင်းလုပ်နေတာ။ သူတို့ကို လုပ်ခွင့်ပေးကတည်းက အမှားကြီးမှားတာပဲ။ အခုက ၁ လကို ၆ ယောက်ခေါ်မယ်။ အခေါ်ခံရတဲ့ လူ ၁ ယောက်စာ အတွက် တလသိန်း ၂၀ တဲ့။ ၁ နှစ်စာဆိုလူ ၁ ယောက်အနေနဲ့ သိန်း ၂၄၀ ပေးရမယ်လို့ သတ်မှတ်တယ်တဲ့။ လဝက၊ စစ်တပ်၊ အုပ်ချုပ်ရေးမှူးတွေ ခွဲယူနေတာ” လို့ ပြောပါတယ်။

အဲ့ဒီ စစ်မှုထမ်း လူစားထိုးစရိတ်ငွေကို အောက်ခြေအုပ်ချုပ်ရေးမှူးတွေက ကောက်ခံပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို တဝက်ပေးရတယ်လို့ သိရပါတယ်။

စစ်မှုထမ်း လူစားထိုးစရိတ်ကို မေလကုန်မှာ နောက်ဆုံးထား ထည့်ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် ငွေကြေး မပြေလည်တဲ့ ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။

ကျိုက်လတ်မြို့ခံတယောက်က “ဒုက္ခအပေါ် ဒုက္ခဆင့်ပေးနေတာပေါ့နော်။ ဒေသခံတွေ အများစုကတော့ လယ်တွေ ယာတွေရောင်းပြီးတော့မှ ဖြေရှင်းကြရတာပဲလေ။ ပိုက်ဆံမထည့်တဲ့ အိမ်ကျရင်သူတို့က စစ်မှုထမ်းစာရင်းထဲ ထည့်မယ်လို့ဆိုပြီးတော့မှ ခြိမ်း ခြောက်နေကြတော့လည်း မရှိရှိတာနဲ့ ပေါင်နှံရောင်းချ ချေးငှားပြီးတော့ ဖြေရှင်းကြ ရတာပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတုန်းကလည်း စစ်မှုထမ်း လူစားထိုး စရိတ်အဖြစ် မဲပေါက်သူ ၁ ယောက်စာအတွက် ငွေကျပ် ၇ သိန်းနဲ့ ၁၀ သိန်းစီ ကောက်ခံခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပြည်ပရောက် စစ်မှုထမ်း အကျုံးဝင်လူငယ်တွေအတွက်လို့ဆိုပြီး စစ်မှုထမ်းလူစားထိုးစရိတ်အတွက် မိသားစုဝင်တွေဆီကနေ လစဉ် ၁ လ ငွေကျပ် ၅ သိန်းအထိ ကောက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရန်ကုန်က မြို့နယ်တွေမှာတော့ စစ်မှုထမ်းယာယီ ကင်းလွတ်ခွင့်ထဲ အကျုံးဝင်နေတဲ့ သက်ပြည့်ကျောင်းသားတွေကိုပါ မေလတတိယ အပတ်လောက်ကစပြီး စစ်ကောင်စီက စာရင်းကောက်ခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေနဲ့အတူ ရပ်/ကျေးအဖွဲ့တွေက စာရင်းပြုစု ကောက်ခံနေကြတာဖြစ်ပြီး စစ်မှုထမ်းဆင့်ခေါ်ရေး အပတ်စဉ် ၃ အတွက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ဒီဆင့်ခေါ်စာ ဖောင်ဖြည့်ရေးအတွက်  အဝေးသင် တက္ကသိုလ်တက်ရောက်နေသူ လူငယ်အမျိုးသားတွေဟာ ရုံးခန်းတွေမှာ လူကိုယ်တိုင်ရေးဖြည့်နေရပြီး မသွားရောက်တဲ့ လူငယ်တွေကို စစ်မှုထမ်းဆင့်ခေါ်ရေးရပ်ကွက်အဖွဲ့တွေက ဖမ်းဆီးထောင်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

ကြည့်မြင်တိုင်မြို့နယ် ကျောင်းသားမိဘတယောက်က “မေလ ၂၂ ရက် ညနေလောက်က အိမ်ကို လာအကြောင်းကြားတယ်။ မနက်ဖြန် ရုံးခန်းကို လာဖြည့်ရမယ် ပြောသွားတယ်။ အိမ်က သားက မသွားတော့ မိဘတွေက တာဝန်ခံရမယ် ပြောတယ်။ ထွက်ပြေးရင် ဖမ်းမယ်လို့လည်း ပြောတယ်။ ဖောင်တော့ ဖြည့်လိုက်ရတယ်။ ကျောင်းအပ်ထားတဲ့ စလစ်တွေ ထုတ်ပြတာလည်း မရဘူး”လို့ ဆိုပါတယ်။

စစ်မျက်နှာ တော်တော်များများမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်သားအင်အား ဖြည့်တင်းဖို့အတွက် စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အတည်ပြုချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေပါ အခန်း ၃၊ ပုဒ်မ ၁၅(က)မှာ ပါဝင်တဲ့ အချက်တွေထဲက အချက် ၃ မှာ ပညာသင်ကြားနေသူများဟာ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်တယ်လို့ ပြဋ္ဌာန်းထားပေမဲ့ လက်ရှိမှာ ချိုးဖောက်နေတယ်လို့ ကျောင်းသားလူငယ်တယောက်က ပြောပါတယ်။

“အခြေအနေအရလည်း ပြင်ပထွက်သွားဖို့က မတတ်နိုင်သေးတော့ ၂၀၂၄ အဝေးသင် ဒုတိယအသုတ်မှာ ကျောင်းအပ်ထားတာ။ အဲ့ဒီနေ့က ကျနော်မရှိဘူး၊ အလုပ်မှာ။ အိမ်ကို လာအသိပေးသွားတာ။ ရုံးခန်းလာဖြည့်ရင် ဖြည့်၊ မဖြည့်ရင် မိဘတွေကိုလည်း ဖမ်းမယ်လို့လည်း ပြောသွားတယ်။ ဖောင်တော့ ဖြည့်ထားရတယ်။ သူတို့ မြို့နယ်ကို ပြန်တင်ပြမယ်ဆို‌တာတော့ မသေချာဘူး။ လောလောဆယ်တော့ စောင့်ကြည့်နေဆဲပဲ”လို့ ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာတော့ စစ်ကောင်စီ ပညာရေးဌာနရဲ့ ၁၂ တန်းမှာ အပ်နှံထားတဲ့ ကျောင်းသားတွေရဲ့ စာရင်းပါ ပါဝင်နေပြီး မှော်ဘီမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်တို့မှာတော့ စစ်မှုထမ်းဖို့ အသက်မီသူတွေကို ရပ်ကွက်ရုံးတွေက ခရီးသွားထောက်ခံစာတွေ လုပ်မပေးကြပါဘူး။

စစ်ကောင်စီဘက်က ၂၀၂၄ ဧပြီလ တတိယအပတ်အထိ စုဆောင်းထားတဲ့ လူငယ်အရေအတွက်ဟာ စုစုပေါင်း ၅,၀၀၀ ဝန်းကျင်ရှိနေပြီလို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS မှတ်တမ်းအရ သိရပါတယ်။

ဓာတ်ပုံ- MOI၊ Myo Tu

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013