Home
မြန်မာသတင်း
တီးတိန်တွင် ဗုံးကြဲသဖြင့် သားအဖ ၂ ဦးသေ၊ မြင်းခြံတွင် လက်နက်ကြီးကြောင့် အဘွားအို ၁ ဦးသေ
DVB
·
May 26, 2024
TeeTainAirStrike_26052024

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ဘင်းရွာကို စစ်ကောင်စီတပ်က ဒီနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံသားအဖ ၂ ယောက် သေဆုံးခဲ့ပြီး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာတော့ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ ကျော် အဘွားအို ၁ ယောက် သေဆုံးပြီး သမီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ သိရပါတယ်။ 

မေ ၂၆ ရက်နေ့ မနက် ၂ နာရီခွဲအချိန်မှာ တီးတိန်မြို့နယ်၊ မွာလ်ဘင်းရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချခဲ့တာဖြစ်ပါတယ်။

ဗုံးထိမှန်လို့ မွာလ်ဘင်းရွာက အသက် ၄၀ အရွယ် ဦးကျင့်ဇကမ်းနဲ့ သားဖြစ်သူ အသက် ၁၁ နှစ်အရွယ် ကလေးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးတော့ လူနေအိမ် ၁၀ လုံးကျော်နဲ့ မွာလ်ဘင်းရွာဘုရားကျောင်း၊ စာသင်ကျောင်းတို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က“မနက် ၂ နာရီခွဲနဲ့ ၃ နာရီကြား ဖြစ်မယ်။ ရွာထဲက ပြည်သူတွေအားလုံး အိပ်မောကျတဲ့အချိန်ဖြစ်တယ်။ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ ဗုံးလာချသွားတယ်။ ကလေး ၁၁ နှစ် အရွယ်ရှိတဲ့ သားအဖ ၂ ဦး ထိခိုက် သေဆုံးတယ်။ လူနေအိမ်တချို့၊ စာသင်ကျောင်းနဲ့ ဘုရား​ကျောင်းတဆောင် ထိခိုက်ပျက်စီးပါတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် တွန်းဇံမြို့ခံ ၂၅၀၀ ကျော်ဟာ တီးတိန်မြို့ကို ရောက်ရှိစစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှာ မေ ၂၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ ကျော် အဘွားအို ၁ ယောက် သေဆုံးပြီး သမီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “လက်နက်ကြီးကျည်​ထိလို့ ရွာက အသက် ၈၀ ကျော် မကျန်းမမာဖြစ်နေတဲ့ အဘွားအို ၁ ယောက် သူ့အိပ်ယာထဲမှာပဲ ဗိုက်ပွင့်ပြီးဆုံးသွားတယ်။ သူ့နဲ့အတူနေတဲ့ သူ့သမီးကတော့ ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့သူကတော့ အသက် ၆၀ ၀န်းကျင်လောက်ရှိမယ်ထင်တယ်” ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ ညပိုင်းက နဘူးအိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ သေနတ်အချက် ၅၀ ကျော်နဲ့ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်ခဲ့ရာက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာက အဘွားအို သေဆုံးသွားရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “နဘူးအိုင်ကျေးရွာမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ သောက်စားမူးရူးချိန်တိုင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတယ်။ ရွာသားတွေကိုလည်း ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်လေ့ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်ဟာ နဘူးအိုင်ကျေးရွာက အမျိုးသား ၂ ယောက် ကို သတ်ဖြတ်ခဲ့​ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ယောက်ကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တဲ့အတွက် မေ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၄ ရက်အတွင်း ဒေသခံပြည်သူ ၄ ယောက် ဟာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013