Home
မြန်မာသတင်း
ဘီးလင်းတွင် လက်နက်ကြီးကျပြီး ဗုံးခိုကျင်းထဲဝင်သူ အပါအဝင် ၂ ဦးသေ
DVB
·
May 26, 2024
BeeLin ArmVictims_26052024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မေ ၂၄ ရက်နေ့က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ  ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရသလို နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘီးလင်းမြို့ ၈ ရပ်ကွက်မှာရှိတဲ့ ခြေလျင်တပ်ရင်း ခလရ ၈ အခြေစိုက်တဲ့ မျှင်သာတောင် လက်နက်ကြီးကုန်းကနေ မေ ၂၄ ရက် မနက် ၁၁ နာရီက လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့တာမှာ ဘုရားဆိပ်နယ်ကျေးရွာ၊ တောင်သူဌေးကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၃၀ နှစ်အရွယ် ကိုရဲလင်းဌေးနဲ့ အသက် ၃၅ နှစ်အရွယ်မမိုးမိုးအေးတို့ နေရာမှာပဲသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပါတယ်။

တောင်ကလေးရွာသားတယောက်က “နေ့လယ်ဘက်ကြီး လက်နက်ကြီးပစ်လိုက်တာ၊ တောင်သူဌေးကုန်းရွာထဲ ၅ လုံး လုံးကျတာ။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေပြီး ၅ ဦး ဒဏ်ရာရတယ်။ ဗုံးခိုကျင်းထဲ ဝင်ပုန်းတဲ့သူပါ သေတာ။ လက်နက်ကြီးတွေက တောက်လျှောက် ပစ်နေတာ။ အနီးနားမှာရှိတဲ့ ရွာသားတွေအကုန်လုံး လန့်နေရတယ်” လို့ ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ဇီးဝန်းရွာအခြေစိုက် အမှတ် ၃၁၄ အမြောက်တပ်ကလည်း မေ ၂၄ ရက် ည ၆ နာရီကျော်မှာ လက်နက်ကြီး ၅ လုံးထပ်ပစ်ခဲ့ပြီး ရွှေရောင်ပြ ကျေးရွာအပြင်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့လို့ သီးပင်စားပင်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကေအဲန်ယူသထုံခရိုင် အတွင်းအရေးမှူး ပဒိုစောအေးနိုင်က “မစောတံတား အချိုးခံပြီး နောက်ပိုင်းမှာ လက်နက်ကြီးပစ်တာ ပိုစိပ်လာတယ်။ အဲနေ့ကလည်း စစ်ကောင်စီ တပ်ရင်းနှစ်ခုက တိုက်ပွဲမရှိဘဲ ရွာထဲကို ရည်ရွယ်ချက်ချက်ရှိရှိပစ်လို့ အရပ်သား ထိခိုက်ပျက်စီးမှုတွေရော ရှိသွားတာပါ” လို့ ပြောပါတယ်။

မေ ၁၉ ရက်နေ့ကလည်း တိုက်ပွဲမရှိဘဲ အမှတ် ၈ စစ်ဆင်ကွပ်ကဲမှုဌာနချုပ် ရှေ့တန်းပိန္နဲတောတပ်စခန်းက လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာကြောင့် ရွာသား  ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024