မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးထိမှန်လို့ အဘွားအို ၁ ယောက် သေဆုံး၊ အဘိုးအို ၁ ယောက် ဒဏ်ရာရပြီး ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာတော့ ငါးရှာထွက်တဲ့ လူငယ် ၁ ယောက် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စဉ့်ကူးမြို့နယ်၊ ဟင်္သာဖိုကျေးရွာအုပ်စု၊ မြေနုကျေးရွာမှာ မေ ၂၃ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၀ ကျော်အရွယ် ဇနီးမောင်နှံကိုထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြေနုရွာသားတယောက်က “တောင်အင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်တာပါ။ ဒီရွာတွေဘက်မှာ ဘာတိုက်ပွဲမှ မရှိဘူး။ သူတို့ စစ်တပ်က ပစ်လိုက်လို့ ရွာထဲကို လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့လို့ ရွာက အသက် ၇၀ ကျော် သက်ကြီးရွယ်အို အဘိုးအဘွား ၂ ဦးကို ထိမှန်ပြီး အဘွားက ဆုံးသွားတယ်။ အဘိုးကတော့ အရမ်းကြီးမစိုးရိမ်ရပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အသက် ၇၈ နှစ် အရွယ် ဦးပေါ်ရဲ့ ဝမ်းဗိုက်ကို ဗုံးစထိမှန်ဒဏ်ရာရှိသွားပြီး သူ့ရဲ့ဇနီးဖြစ်သူ အသက် ၇၂ နှစ်အရွယ် ဒေါ်စန်းရီကတော့ ဒဏ်ရာပြင်းထန်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “ဒဏ်ရာရတဲ့ ဦးပေါ်ကိုတော့ မန္တလေးဆေးရုံ ပို့ထားလိုက်တယ်။ ဆုံးသွားတဲ့ ဒေါ်စန်းရီကိုတော့ ရွာမှာပဲ သင်္ဂြိုဟ်လိုက်ပါတယ်။ သူတို့သားက နွားနို့လိုက်ပို့တဲ့ အလုပ်လုပ်တယ်။ စီးပွားရေးအဆင်ပြေတဲ့ မိသားစုတော့ မဟုတ်ကြဘူး” လို့ ပြောပါတယ်။
မြေနုကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ၃ လုံး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် လူနေအိမ်အချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စဉ့်ကူးမြို့နယ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့မြို့နယ် ဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ကျေးရွာတွေကို ဝင်ရောက်မီးရှို့တာတွေကြောင့် မကြာခဏဆိုသလို ဒေသခံပြည်သူတွေ ထိခိုက် သေဆုံးနေရတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာတော့ မေ ၂၄ ရက်နေ့က လူငယ်တယောက် ငါးရှာထွက်ရင်း မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားပါတယ်။
မိသားစုဝင်တယောက်က “သူတို့မိသားစုတွေက လက်လုပ်လက်စားသမားတွေ ဆိုတော့ မိုးရွာရင်ငါးရှာ ဖားရှာထွက်ကြတယ်။ ကျန်တဲ့အချိန်တော့လည်း တခြားအလုပ် လုပ်စားကြရတာပေါ့။ သူ ထွက်သွားပြီး သိပ်မကြာဘူး ဗုံးကွဲတဲ့အသံ ကြားရပြီး စိုးရာဇာ မိုင်းထိတယ်လို့ သိရတာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားသူဟာ မုန်းမြို့အစွန်မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုစိုးရာဇာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုစိုးရာဇာဟာ ငါးရှာဖို့အသွား တုံးတောကျေးရွာမရောက်ခင် လယ်ကွက်ထဲမှာ မိုင်းနင်းမိခဲ့ရာက ဘယ်ဘက်ခြေချင်းဝတ်ကနေ ပြတ်သွားပြီး ညာဘက် ခြေသလုံးမှာလည်း မိုင်းစထိမှန် ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ကျောက်ကြီး ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ မုန်းမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတုန်းက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးရာ လမ်းကြောင်းတွေမှာ မိုင်းတွေထောင်ထားခဲ့တာတွေ ရှိနေတယ်။ ကျန်ခဲ့တဲ့ ၁၀ ရက်လောက်ကလည်း ရေခပ်ဆင်းတဲ့ အမျိုးသမီး ၂ ဦး မိုင်းထိလို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့သေးတယ်” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေ နေထိုင်သွားလာခဲ့တဲ့ နေရာတွေနဲ့ လမ်းကြောင်းတွေကို အထူးရှောင်ရှားကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားတယ်လို့ သိရပါတယ်။
Photo - မုန်းမြို့ဒေသခံ၊ Wetlet Informational Network