Home
မြန်မာသတင်း
မြန်မာပြည်အလယ်ပိုင်း နေရာစုံတွင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ရန် PDF ပြင်ဆင်
DVB
·
May 26, 2024
Zero PDF_26052024

မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းစတဲ့ နေရာစုံမှာ စစ်ကောင်စီတပ်တွေကို  အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ဖို့  ပြင်ဆင်နေတယ်လို့ ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF) တွေက ပြောပါတယ်။

မေ ၂၁ ရက်မှာ မြင်းခြံခရိုင်တပ်ရင်း ၇ က PDF တပ်သား အယောက် ၈၀ ကို ကွန်မန်ဒိုယူနီဖောင်း၊ ကျည်ကာနဲ့ လက်နက်တွေ တပ်ဆင်နိုင်ခဲ့ပြီး မြန်မာပြည်အလယ်ပိုင်းနေရာစုံမှာ တိုက်ပွဲဖော်ဆောင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ တပ်ရင်းခေါင်းဆောင် ဗိုလ်ဇီးရိုးက DVB ကို ပြောပါတယ်။

ယူနီဖောင်းတွေမတပ်ဆင်ခင် မေလ ၁၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရည်မွန်နဲ့ တွေ့ဆုံခဲ့ပြီး ၂၀၂၄ အတွင်းမှာ စစ်ရေးအရှိန်မြှင့်တင်ဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၇ ခေါင်းဆောင် ဗိုလ်ဇီးရိုးက “ဝန်ကြီးကတော့ အဓိက ကျနော်နဲ့ တွေ့တဲ့အချိန်မှာ ၂၀၂၄ မှာ စစ်ရေးအရှိန်မြှင့်ဖို့ပေါ့၊ နေရာစုံမှာ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဝန်ကြီးတို့ ဆောင်ရွက်နေတာတွေ ရှိတယ်ပေါ့။ မကြာခင်မှာ ကျနော်တို့က တိုက်ပွဲတွေဆင်နွှဲတော့မှာ ဖြစ်တဲ့အတွက် ယူနီဖောင်းတပ်ဆင်ခြင်းနဲ့ လက်နက်ခဲယမ်းတွေ ပေးအပ်ခြင်းပေါ့၊ ဒါကို ကျနော်တို့က မြန်မြန်လုပ်လိုက်ရတဲ့သဘောလည်း ရှိပါတယ်ဗျ။ ကလေးတွေအတွက် ယူနီဖောင်းအပြည့် တပ်ဆင်ဖို့အတွက် သွားတဲ့ခရီးမှာ ဝန်ကြီးဌာနက တာဝန်ရှိသူ တော်တော် များများနဲ့တွေ့ခဲ့ပါတယ်။ ကျနော်တို့လုပ်ငန်းစဉ် တချို့တဝက်လည်း ဖော်ပြလို့မရတဲ့အကြောင်း အရာတွေလည်း ရှိတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကျနော်အားတက်မိပါတယ်။ ဝန်ကြီးပြောတဲ့ စကားတွေအရ တော်လှန်ရေးအတွက် အားတက်စရာတွေ အများကြီးရှိတယ်ပေါ့နော်”လို့ ပြောပါတယ်။

မန္တလေးတိုင်း မြင်းခြံခရိုင်ဟာ မကွေးတိုင်း ပခုက္ကူခရိုင်၊ စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင်တို့နဲ့ နယ်မြေခြင်းထိစပ်နေတဲ့ဒေသဖြစ်ပြီး ဒေသတွင်း တိုက်ပွဲတွေဖော်ဆောင်ရာမှာ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ လိုအပ်သလို အပြန်အလှန်ထောက်ကူနေကြတာဖြစ်ပါတယ်။

မကွေးဒေသခံနိုင်ငံရေးသမားတဦးက “ပြီးခဲ့တဲ့အပတ်ထဲမှာလည်း ဝန်ကြီးဦးရည်မွန်က ပြောထားတယ်လေ၊ မြန်မာပြည်အလယ်ပိုင်းကို မကြာခင်မှာပဲ MOD အနေနဲ့ ထိုးစစ်ထိုးဖို့ရာအတွက် အဆင်သင့်ဖြစ်နေပြီ၊ ပြင်ဆင်နေပြီဆိုတာလည်း အသိပေးထားတာ ရှိတယ်လေ။ အနေအထားတွေကတော့ ကျနော်တို့သိရတာတွေရှိသလို မသိရတာတွေလည်း ရှိပါတယ်”လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက PDF ပူးပေါင်းအဖွဲ့တွေဟာ နေရာစုံမှာ ထကြွခဲ့ကြပြီး စစ်ကောင်စီ စခန်းငယ်ပေါင်းများစွာကို သိမ်းယူထားနိုင်တာပါ။

စစ်ကောင်စီဘက်ကလည်း မြို့တွေကို လက်မလွှတ်ရရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ သာလွန်အင်အားတွေနဲ့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။

ကျားသစ်နက်တပ်မတော်-ပုလဲ မှ  ဥက္ကာက “ပြီးခဲ့တဲ့ ၂လပိုင်းလောက်ကမှ ဗျူဟာစုဖွဲ့မှု သင်တန်းပေါ့၊ အဲ့သင်တန်းကနေ ဖြစ်လာတဲ့ ရဲဘော်တွေကို ကျနော်တို့က ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်ဖို့အတွက် စစ်ရုံးချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ စေလွှတ်ရာကို သွားနိုင်အောင် ဆိုပြီးတော့ ဒီရဲဘော်တွေကို Camp သွင်းထားတဲ့သဘောပေါ့နော်။ တပ်ဖွဲ့တွေ အသီးသီးက စစ်ရေးပြင်ဆင်မှုတွေ ကြိုးစားဆောင်ရွက်နေကြပြီ၊ မကြာသောအချိန်အခါကာလမှာ တကယ် အားကောင်းမောင်းသန်နဲ့ မောင်းနှင်နိုင်တော့မယ်၊ ဒီလိုမောင်းနှင်နိုင်ဖို့အတွက် ထောက်ပံ့ပေးနေကြတဲ့ ပြည်သူတွေလည်း အားမငယ်ကြပါနဲ့၊ ကျနော်တို့တွေ ကြိုးစားပြီးတော့ အောင်မြင်အောင် ဆောင်ရွက်ပါမယ်လို့ပြောချင်ပါတယ်ဗျ”လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအလွန်မှာ တော်လှန်ရေးအင်အားစုတွေက စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးနဲ့ မြို့သစ်မြို့တွေကို သိမ်းယူခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့ သာလွန်အင်အားအသုံးပြုခဲ့တာကြောင့် ကောလင်းမြို့ကို ပြန်လက်လွှတ်ခဲ့ရပါတယ်။

၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မန္တလေးတိုင်းထဲက ပြင်ဦးလွင်နဲ့ နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်တဲ့နောက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း နယ်စပ်မြို့နယ်တွေမှာ စစ်ကောင်စီက ဖိအားပေးနယ်မြေထိန်းချုပ်နိုင်ဖို့ ပိုပြီးအားစိုက်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Photo - ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013