ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နဲ့ ချင်းရိုင်ခရိုင်တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား ကျောင်းသူတွေနဲ့ အလုပ်လုပ်ကိုင်သူတွေရဲ့ နိုင်ငံကူးလက်မှတ်ကိစ္စတွေနဲ့ ပတ်သက်ပြီး မေ ၂၇ ရက်ကစလို့ ပြုလုပ်ပေးတော့မှာ မဟုတ်ဘူးလို့ ဘန်ကောက်ရှိ မြန်မာသံရုံးက မေ ၂၄ ရက်မှာ ကြေညာလိုက်ပါတယ်။
ချင်းမိုင်မှာ နေထိုင်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) သက်တမ်းတိုးကိစ္စတွေကို ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးမှာသာ ပြုလုပ်ပေးသွားမယ်လို့ ကြေညာလိုက်တာပါ။
ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ PV အလည်အပတ်ပတ်စ်ပို့နဲ့ PE ပညာရေးပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေ သက်တမ်းတိုးမယ်ဆိုရင် ပတ်စ်ပို့ ကိုင်ဆောင်ထားသူရဲ့ မြန်မာနိုင်ငံ နေရပ်လိပ်စာ၊ ရပ်ကွက် ရဲစခန်းထောက်ခံစာ၊ မြန်မာနိုင်ငံက ပြန်တမ်းဝင် အရာရှိတဦးရဲ့ ထောက်ခံချက်နဲ့ မိဘနှစ်ပါးရဲ့ ထောက်ခံချက်တို့ လိုအပ်ကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ကြေညာခဲ့ပါတယ်။
ချင်းမိုင်၊ ချင်းရိုင်ခရိုင်တွင်းက တက္ကသိုလ်တွေ ကျောင်းသားအများစုကတော့ ချင်းမိုင် ကောင်စစ်ဝန်ရုံးမှာ ပတ်စ်ပို့ အသစ်လဲတဲ့အခါ ပေးရတဲ့ ထောက်ခံစာ၊ စာရွက်စာတမ်းတွေများတာက တကြောင်း၊ တန်းစီစောင့်ရတဲ့ ဘိုကင်နံပါတ် ကြန့်ကြာတာ စတဲ့ အကြောင်းတွေကြောင့် ဘန်ကောက် မြန်မာသံရုံးမှာ သွားရောက် လုပ်ကိုင်ကြတာလို့ ဆိုပါတယ်။
ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးကတော့ ချင်းမိုင်မှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ စက်က စက်ပိုင်းဆိုင်ရာ ချို့ယွင်းနေတာကြောင့် မေလ ၂၃ နဲ့ ၂၄ ရက်တွေမှာ ခေတ္တရပ်နားထားကြောင်း ကြေညာထားပြီး မေ ၂၇ ရက်ကစလို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။