Home
မြန်မာသတင်း
ကလေးမြို့က ထမင်းဆိုင်ရှင် သားအမိနှင့် လေကြောင်းဝန်ထမ်းကို စစ်တပ် ဖမ်းဆီး
DVB
·
May 26, 2024
YoneSandar RiceShop_26052024

စစ်ကိုင်းတိုင်း၊ ကလေးမြို့က ထမင်းဆိုင်ရှင် သားအမိနှစ်ယောက်နဲ့ မြန်မာ့လေကြောင်းလိုင်း ဝန်ထမ်းတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၃ ရက်နေ့မှာ အောင်ဇေယျရပ်ကွက်က ယုန်စန္ဒာ ချစ်တီးမြန်မာထမင်းဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဆိုင်ပိုင်ရှင် သားအမိကို ဖမ်းဆီးသွားသလို ဆိုင်ကိုလည်း ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

နီးစပ်သူတယောက်က “ကလေးလေယာဉ်ကွင်းရဲ့ နောက်ကျောနားက ဆိုင်လေ။ တပ်ဆေးရုံနဲ့လည်း နီးတယ်။ အဲဒီဆိုင်က ဆိုင်ပိုင်ရှင်အမျိုးသမီးကို အရင်ဖမ်းသွားတယ်။ ပြီးတော့မှ သူ့သမီးလေးကို ပြန်လာဖမ်းတာ။ PDF နဲ့ အဆက်အသွယ်ရှိပြီး ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းသွားတာပဲလေ။ နီးနီးလေး။ အဲဒီဆိုင်ကလည်း သူတို့အပိုင် မဟုတ်ဘူး။ အန်တီဆွေတို့က ငှားထားတာ။ အန်တီဆွေသားအမိကိုလည်း ဒကစထဲ ခေါ်သွားတယ်” လို့ ပြောပါတယ်။

ဆိုင်ပိုင်ရှင်သားအမိ ၂ ယောက်ကို ဖမ်းဆီးသွားပြီးနောက် ယုန်စန္ဒာ ထမင်းဆိုင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေလာရောက်ပြီး ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးတော့ မြန်မာ့လေကြောင်းဝန်ထမ်း ဦးတင်မောင်ဆွေကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတယောက်ကလည်း “ကျနော်တို့ ကလေးမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ချိပ်ပိတ်ခံရတဲ့ နေအိမ်နဲ့ အဆောက်အဦ ၅၀ ကျော်ရှိပြီ။ အခုဆိုရင် ကျနော်တို့မြို့နယ်မှာ PDF တွေ အင်အားကောင်းနေပြီ။ အခုလို ဖြစ်စဉ်တွေ မဖြစ်သင့်တော့ဘူး” လို့ ဒီဗွီဘီကို ပြောဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ယုန်စန္ဒာ ထမင်းဆိုင်ပိုင်ရှင် သားအမိကို ကလေးမြို့က ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) မှာ ဖမ်းဆီးထားပြီး မိသားစုဝင်တွေနဲ့ အဆက်မသွယ် မရသေးဘူးလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013