Home
ဆောင်းပါး
အမြီးချင်း စုချည်ထားတဲ့ စစ်ရာဇဝတ် မျောက်အုပ်ရဲ့ စည်းလုံးမှု ဘယ်လောက်ထိခံမလဲ
DVB
·
May 26, 2024
ArticleMinKaungChit_26052024

ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆက်ဆက် လက်နက်မဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချ၊ မီးရှို့ ဓားပြတိုက်၊ လုယက် မုဒိမ်းကျင့်၊ အိုးအိမ်ချိပ်ပိတ်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး ရာထူးတက်၊ အာဏာရလို့ မသန့်ပြန့်စွာ ချမ်းသာကြွယ်ဝလာကြတဲ့ မကောင်းဆိုးဝါး စစ်ဗိုလ်ချုပ် အသိုင်းအဝိုင်းဟာ ကိုယ်ကျိုးစီးပွားနဲ့ အသက်ဘဝလုံခြုံရေး၊ ရှင်သန်နိုင်ရေးအတွက် အချင်းချင်း မယုံကြည်ကြပေမဲ့ စားဖားတွေ ညီညွတ်ကြသလို အချင်းချင်း ကျောချင်းကပ်ထားတဲ့ ညီညွတ်မှုမျိုးဟာ မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ ဆိုသလို တဦးနဲ့တဦး အခွင့်သာရင် နောက်ကျောကို ဓားနဲ့ တဆုံးထိုးဖို့ အချိန်ကောင်းစောင့်နေရင်း နောက်ကျောချင်းကပ်လို့ ညီညွတ်သယောင်နဲ့ ပြိုကွဲနေတဲ့ စစ်ဓားပြဂိုဏ်းတခုသာပါပဲ။

အဲဒီ စစ်မကောင်းဆိုးဝါးတပ်ရဲ့ အခြေအနေကို ဥပမာပေးရရင် ဒေဝဒတ်လောင်းလို မျောက်သတ္တဝါတွေ တကောင်နဲ့တကောင် မနှစ်မြို့ မချစ်ခင်ကြပေမဲ့ ကျရောက်နိုင်တဲ့ အန္တရာယ်တခုအတွက် အချင်းချင်းလည်း မယုံကြည်‌ကြတာမို့ တကောင်အမြီး တကောင် စုချည်ထားကြတဲ့ မျောက်တအုပ်ပမာပါပဲ။ အဲဒီလို အမြီးချည်ထားတဲ့ ညီညွတ်မှုဟာ အခုလို အဘက်ဘက်မှာ ကျရှုံးပြီး ပြည်တွင်းပြည်ပ ဘက်ပေါင်းစုံက ဖိအားတွေ တိုးပွားသထက် တိုးပွားလာတာမို့ ဘယ်ချိန်လောက်ထိ ခံနိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာ မေးခွန်းတပုဒ် ဖြစ်ပါတယ်။

လူ့အသိုင်းအဝိုင်းမှာ လင်မယားချင်း၊ ချစ်သူချင်း၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းချင်းကြားမှာ ခိုင်မြဲတဲ့ ရေရှည်ခံ တည်မြဲနိုင်တဲ့ ဆက်ဆံရေး၊ ဖြစ်တည်မှုတွေကို ဒီဘဝတခုတည်းမဟုတ်ဘဲ သံသရာ ဘဝအဆက်ဆက်မှာတောင် ဆက်လက်ဆုံဆည်း တည်တံ့မြဲနိုင်တဲ့ ဘဝတွေ ချစ်ခင်ညီညွတ်ခြင်းတွေ ရရှိပိုင်ဆိုင်နိုင်စေမယ့် တရားတွေကို သုံးလူ့ထွဋ်ထား မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့မှာ သီတင်းသုံးစဥ် နကုလပိတာ၊ နကုလမာတာ အမည်ရှိ သူကြွယ်လင်မယားကို ဟောကြားခဲ့ပါတယ်။

အဲဒီတရားကတော့ သဒ္ဓါ သီလ စာဂ ပညာ ဆိုတဲ့ တရား ၄ ပါးပဲ ဖြစ်ပါတယ်။ ပထမအနေနဲ့ သဒ္ဓါတူဖို့ လိုအပ်တယ်လို့ ဟောကြားခဲ့ပါတယ်။ လူတဦးနဲ့တဦး လူမျိုးတမျိုးနဲ့တမျိုး၊ အဖွဲ့အစည်း တခုနဲ့တခုကြား ခိုင်ခံ့တဲ့သံယောဇဉ်နဲ့ ကာလရှည်ကြာစွာ ငြိမ်းချမ်းစွာ အတူတကွ ယှဥ်တွဲနေထိုင် ပေါင်းသင်းလိုတယ်ဆိုရင် တဦးနဲ့တဦး သဒ္ဓါဆိုတဲ့ ယုံကြည်မှုတူညီဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဘာသာတရားဖြစ်ဖြစ်၊ နိုင်ငံရေးအယူဝါဒဖြစ်ဖြစ်၊ အတွေးအ‌ခေါ် အသိအမြင် သက်ဝင်ယုံကြည်မှုဖြစ်ဖြစ်၊ ရည်ရွယ်မျှော်မှန်းရာတခုခု အပေါ်မှာဖြစ်ဖြစ် မယိမ်းယိုင်ဘဲ တူညီတဲ့ ယုံကြည်မှုသဒ္ဓါတရားရှိဖို့ အရင်းခံ လိုအပ်ပါတယ်။

ဒုတိယအနေနဲ့ သီလတူဖို့ ကောင်းမြတ်တဲ့ ကိုယ်ကျင့်သီလ ထိန်းသိမ်းလိုက်နာ ကျင့်ကြံတာခြင်းမှာ တူညီဖို့၊ တတိယအနေနဲ့ စွန့်လွှတ်ပေးကမ်း လှူဒါန်းခြင်းဆိုတဲ့ စာဂတူညီဖို့၊ စတုတ္ထအနေနဲ့ အမှားအမှန် ဆင်ခြင်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ရှိခြင်းဆိုတဲ့ ပညာတူညီဖို့လည်း လိုအပ်တယ်လို့ မြတ်စွာဘုရားရှင်က ဟောကြားခဲ့ပါတယ်။ တနည်းအားဖြင့်ပြောရရင် မှန်စွာယုံကြည်ရင်း စိတ်တူကိုယ်တူ၊ အသိတူ အကျင့်တူ၊ အလှူဒါန စွန့်ကြဲလိုစိတ်တူ၊ ဉာဏ်ပညာခြင်း တူကြရမယ့် သဘောပါပဲ။

ဒါကို ထင်ရှားတဲ့ ဥပမာပြုရရင် သဒ္ဓါ သီလ စာဂ ပညာ တူခဲ့ကြတာမို့ ဂေါတမဗုဒ္ဓ အလောင်းတော်ရဲ့ နုစဉ်ဘဝကနေ ရင့်စဉ်ဘဝတွေက‌နေ နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နောက်ဆုံးဘဝအထိ ဘဝများစွာမှာ အတူတကွ ပါရမီဖြည့်ခွင့်ရခဲ့တဲ့ သိဒ္ဓတ္တမင်းသားနဲ့ ယသော်ဓရာ မင်းသမီးတို့ ဘဝဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။

ကဲ အခု အမြီးချင်းစုချည်ထားတဲ့ စစ်ရာဇဝတ် မျောက်အုပ်ရဲ့ အတူယှဥ်တွဲ‌နေထိုင် စည်းလုံးမှုကို လေ့လာကြည့်လိုက်မယ်ဆိုရင် မှားယွင်းတဲ့လမ်း လျှောက်နေကြတာမို့ မှားယွင်းတဲ့ ယုံကြည်မှုသဒ္ဓါကို အခြေခံထားတာကို တွေ့ရပါတယ်။ မတရားသဖြင့် ရယူထားအပ်တဲ့ ခိုးရာပါ တိုက်ရာပါ စည်းစိမ်ဥစ္စာ အာဏာပါဝါတွေကို မစွန့်လွှတ်ချင်ဘဲ ဆုပ်ကိုင်ထားလိုတာမို့ လက်နက်အင်အားရှိရင် အကြမ်းဖက် သိမ်းပိုက်ထားလို့ ရတယ်လို့ မမှန်ကန် ယုံကြည်မှုကို အခြေခံပြီး စုစည်းနေတာကိုက မှားယွင်းနေတဲ့ ယုံကြည်မှုသဒ္ဓါ ဖြစ်ပါတယ်။

သီလဆိုတဲ့ ကိုယ်ကျင့်တရားဘက် ကြည့်လိုက်ပြန်တော့လည်း စစ်ဓားပြဂိုဏ်းဟာ အကျင့်ပျက် ခြစား ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံပိုင်ငွေကြေးဥစ္စာတွေကို လုယက်ခိုးယူပြီး ချမ်းသာအောင် လုပ်ကိုင်နေကြတဲ့ မှားယွင်းတဲ့ ကိုယ်ကျင့်တရားတွေနဲ့ ဆိုးယုတ်တဲ့ ဒုဿီလများ ဖြစ်နေကြပြန်ပါတယ်။

စာဂ ဆိုတဲ့ စွန့်လွှတ်ပေးကမ်းခြင်းကို ကြည့်လိုက်ပြန်တော့ စစ်မကောင်းဆိုးဝါး တဂိုဏ်းလုံးဟာ သူတို့ မပိုင်ဆိုင်ဘဲ မရယူထိုက်ဘဲ ရယူထားတဲ့ နိုင်ငံတော် အချုပ်အခြာအာဏာကို စွန့်လွှတ်လိုစိတ် မရှိကြသလို အလှူဒါနပြုတာတောင် အကျိုးမျှော်ကိုးပြီး မသန့်ပြန့်တဲ့စိတ်နဲ့ လှူကြတာမို့ မှားယွင်းတဲ့ စာဂတွေသာလျှင် ရှိကြတာ အားလုံးမြင်နေကြရပါတယ်။

နောက်ဆုံးအချက်ဖြစ်တဲ့ ပညာဆိုတဲ့ အသိဉာဏ် ဆင်ခြင်တုံတရားကို ကြည့်လိုက်ပြန်ရင်လည်း စစ်မိစ္ဆာ မျောက်တအုပ်လုံးဟာ အသိကန်း ဉာဏ်မျက်စိ မရှိကြဘဲ နွားခြေရာခွက်ထဲက ဖားသူငယ်များလို အမြင်ကျဉ်းမြောင်းကြတာမို့ မျက်ကန်းမျိုးချစ်၊ ဘာသာချစ်အဆင့်တွေက မတက်နိုင်ကြဘဲ ကမ္ဘာကြည့် ကြည့်တတ်ဖို့ ဝေးစွ အမြော်အမြင် အလွန်ခေါင်းပါးကြတာကို အားလုံးသိပြီးသား ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်ကောင် မျောက်အုပ်ကြီးဟာ အဘက်ဘက်မှာ အရေးနိမ့်လာတာမို့ ရှင်သန်နိုင်မလား မျှော်လင့်ချက်နဲ့ နောက်ဆုံးရုန်းကန်မှုအဖြစ် တကောင်အပေါ်တကောင် သံသယကြီးမားကြပေမဲ့ မကောင်းဆိုးဝါး ဘုံအကျိုးစီးပွားအတွက် အမြီးချင်းချည်လို့ နောက်ကျောချင်းကပ်ပြီး ခံစစ်ပြင်လာကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဇာတ်တူသားစားတဲ့ ဓလေ့အထုံက ကြီးမားလှတဲ့ စစ်ဓားပြဂိုဏ်းဟာ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့တုန်းက ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ဓားပြ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နဲ့ ဒစကလောက်ကိုင် ဒစကမှူးဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းတို့  ဗိုလ်ချုပ် ၅ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီနဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့ ပုံနှိပ်လုပ်ငန်းတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တဦးကိုလည်း အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်တဲ့အတွက် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဒါကြောင့် အမြီးချင်း စုချည်ထားသလို နောက်ကျောချင်းကပ်လာကြတဲ့ စစ်ရာဇဝတ်ကောင် မျောက်ဟောင်း မျောက်သစ်အုပ်ကြီးဟာ မှားယွင်းတဲ့ ယုံကြည်မှုသဒ္ဓါ၊ မှားယွင်းတဲ့ ကိုယ်ကျင့်သီလ၊ မသန့်ပြန့်တဲ့ စာဂအတု၊ ခေါင်းပါးနိမ့်ကျတဲ့ အသိဉာဏ်တွေသာ ရှိတာမို့ သူတို့ရဲ့ စည်းလုံးမှုဟာ ကြာရှည်မခံနိုင်ဘဲ ကွဲကြပြဲကြ အမြီးပြတ်သူက ပြတ်ပြီး မျောက်တအုပ်လုံး သစ်ကိုင်းလွတ်လို့ မရှုမလှ ဗုန်းဗုန်းကျ ပျက်သုဉ်းရမှာ မလွဲဧကန် ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024