ရုရှားနိုင်ငံတောင်ပိုင်း ဗလာဒီကာ့ဗ်ကာ့ဇ်မြို့မှာ ဆယ်ကျော်သက် ကျောင်းသားလေးတွေဟာ ကျောင်းသင်ခန်းစာအပြင် အခြေခံစစ်ရေးလေ့ကျင့်မှုကိုလည်း သင်ယူနေရပြီး စစ်သင်ခန်းစာရဲ့ တစိတ်တပိုင်းအဖြစ် လက်နက်တွေကို စမ်းသပ်ပစ်ခတ်ခွင့် ရခဲ့ပါတယ်။
အခုလအတွင်းမှာ စစ်ယူနီဖောင်းကို ပုံစံထွင်ဝတ်ထားတဲ့ ဆယ်ကျော်သက် ယောက်ျားလေးတွေဟာ သင်တန်းဆရာတွေနဲ့ အနီးကပ် ကြီးကြပ်မှုအောက်မှာ လက်နက်ပစ်ခတ်ခြင်းတွေကို အလှည့်ကျ လေ့ကျင့်ကြပြီး ရှေးဦးသူနာပြုနည်းကို လေ့ကျင့်ကြရပါတယ်။
ယူကရိန်းစစ်ပွဲကာလ ၃ နှစ်ထဲကို ရောက်ရှိနေပြီဖြစ်တဲ့ ရုရှားမှာ လူငယ်တွေအတွက် စစ်မှုမထမ်းမနေရ ဖြစ်ပါတယ်။
အခုခါ ရုရှားနိုင်ငံမြောက်ပိုင်း အော့စေတီယာဒေသရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အငြိမ်းစား ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး ဆာဂျီ မန်ယိုင်လိုက “တနေ့မှာ စစ်တိုက်ရမယ်ဆိုရင် ဒီလေ့ကျင့်မှုဟာ စစ်မှုထမ်းတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့” ကူညီပေးပါလိမ့်မယ် လို့ ယူကရိန်း-ရုရှား စစ်ပွဲကို ရည်ညွှန်းပြီး လူငယ်လေးတွေကို ပြောပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေကို ပံ့ပိုးပေးတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းရဲ့ ဒေသခံအကြီးအကဲ ဘောရစ္စ် ကန်တယ်မီရို့ဗ် ကလည်း ဒီသင်တန်းဟာ စစ်သားတိုင်း လိုအပ်မယ့် အရည်အချင်းတွေကို ပေးအပ်နေတာ လို့ ဆိုပါတယ်။
ဆိုဗီယက်ယူနီယံရဲ့ နောက်ဆုံးနှစ်တွေတုန်းက ကျောင်းသင်ခန်းစာမှာ စစ်ရေးသင်ခန်းစာကို ပယ်ဖျက်ခဲ့ဖူးပေမဲ့ ယူကရိန်းမှာ ရုရှားရဲ့ စစ်ပွဲ စတင်ချိန်ကတည်းက စစ်သင်ခန်းစာကို ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနဟာ "ဘဝလုံခြုံရေး အခြေခံများ" လို့ ခေါ်တဲ့ ဘာသာရပ်ရဲ့ တစိတ်တပိုင်းအနေနဲ့ အခြေခံစစ်သင်ခန်းစာကို ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ မိတ်ဆက်ထည့်သွင်းဖို့ ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဝေဖန်သူတွေကတော့ ဒါကို စစ်ပွဲစတင်ကတည်းက ရုရှားလူ့အဖွဲ့အစည်းမှာ စစ်အာဏာရှင်စနစ် ကြီးထွားလာခြင်းရဲ့ တစိတ်တပိုင်းလို့ သဘောထား ပြောဆိုနေကြပါတယ်။
Source/Photo - Reuters