Home
နိုင်ငံတကာ
တရုတ်နှင့် တွေ့ဆုံဆွေးနွေးရန် ထိုင်ဝမ်သမ္မတသစ် ထပ်မံကမ်းလှမ်း
DVB
·
May 26, 2024
Taiwan president again_26052024

တရုတ်က ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ပြီး ၂ ရက်ကြာ စစ်ရေးလေ့ကျင့်ခဲ့အပြီးမှာ ထိုင်ဝမ်သမ္မတသစ် လိုင်ချင်းတယ်က နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ မေ ၂၆ ရက်နေ့မှာ ထပ်မံကမ်းလှမ်းလိုက်ပါတယ်။  

တရုတ်ပြည်မကြီးကွန်မြူနစ်အစိုးရဟာ ထိုင်ဝမ်ကို ပြည်မကြီးရဲ့ အစိတ်အပိုင်းအဖြစ်သာ သတ်မှတ်ထားသလို သမ္မတ ရွေးကောက်ပွဲ ၃ ကြိမ်ဆက်နိုင်တဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (ဒီပီပီ)ပါတီကို ခွဲထွက်ရေးအုပ်စုအဖြစ် ရှုမြင်ထားပါတယ်။ 

ဒီပီပီက သမ္မတသစ် လိုင်ရဲ့ ကျမ်းကျိန်မိန့်ခွန်းမှာ ထိုင်ဝမ်ရေလက်ကြားရဲ့ ဟိုဘက်နဲ့ ဒီဘက် ဘယ်သူ့ဘယ်သူမှ လက်အောက်ခံမဟုတ်ဘူးဆိုတဲ့ စကားကို တရုတ်က မကျေနပ်ခဲ့ပါဘူး။ 

ဒါကြောင့် အပြစ်ပေးတဲ့အနေနဲ့ ထိုင်ဝမ်ကျွန်းကို အာဏာသိမ်းတဲ့အသွင် စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ လိုင်ကတော့ အပြန်အလှန် နားလည်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ထပ်မံတောင်းဆိုခဲ့တာဖြစ်သလို ထိုင်ဝမ်အစိုးရဟာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို ရှုတ်ချထားပြီး  အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပူပန်ပေးမှုကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။

မေ ၂၄ ရက်ကလည်း ထိုင်ဝမ်လွှတ်တော်နားမှာ လူထောင်ပေါင်းများစွာက လွှတ်တော် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ခဲ့ကြပြီး ထိုင်ဝမ်ဒီမိုကရေစီအပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို ဒေါသတကြီး ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူအများစုက ကျောင်းသားတွေနဲ့ လူငယ်ပညာရှင်တွေဖြစ်ပြီး တရုတ်နဲ့ တိုင်ပင်စီမံဖန်တီးပြီး ပြုပြင်ပြောင်းလဲရေးတွေကနေတဆင့် ဖိအားပေးဖို့ ကြိုးစားနေတယ်လို့  အတိုက်အခံတွေကို ဆန္ဒပြသူတွေကစွပ်စွဲရင်း နဖူးစည်းစာတမ်းတွေကို ကိုင်ဆောင်ထားကြပါတယ်။ 

မေ ၂၁ ရက်မှာ ဆန္ဒပြပွဲ ပြုလုပ်ပြီးတဲ့နောက် လွှတ်တော် အပြင်ဘက်မှာ ဒုတိယအကြိမ် လူထုစုဝေးပွဲ လုပ်ခဲ့တာပါ။ ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် သတ်မှတ်တဲ့ တရုတ်က ဒဏ်ခတ် အရေးယူဖို့ စခဲ့တဲ့ စစ်စွမ်းရည်ပြပွဲကို ကျွန်းတစ်ဝိုက်မှာ ဒုတိယမြောက်နေ့အဖြစ် ဆင်နွှဲနေချိန်မှာ ခုလို ဆန္ဒပြတာလည်း ဖြစ်ပါတယ်။ 

Source/Photo - REUTERS/Ann Wang

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013