ရုရှားက ယူကရိန်းနိုင်ငံ ခါခိဗ်မြို့က လူစည်ကားတဲ့ ကုန်မာစတိုးဆိုင်ကို မေ ၂၅ ရက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူ ၁၁ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
စတိုးဆိုင်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသန္တရအရာရှိတွေကပြောပြီး မြို့ရဲ့ လူနေရပ်ကွက်အတွင်း ကုန်စုံဆိုင်ကို ပဲ့ထိန်းဗုံး ၂ လုံးထိမှန်ခဲ့တာလို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး အိုလေး စီညေဟူဘိုက တယ်လီဂရမ်ကနေ ပြောပါတယ်။
ပစ်ခတ်ခံရချိန်က ကုန်စုံဆိုင်ထဲမှာ လူအယောက် ၂၀၀ လောက်ထိ ရှိနေခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဝန်ထမ်း ၁၁ ယောက် အပါအဝင် လူ ၁၆ ယောက် ပျောက်နေတုန်းပဲလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားက စစ်မျက်နှာသစ်ဖွင့်ပြီး ယူကရိန်းမြောက်ပိုင်းကို မေလဆန်းက စတင်ဖြတ်ကျော်လာပြီးတဲ့နောက် ခုလို တိုက်ခိုက်ခံရတာပါ။
ရုရှားရဲ့ လတ်တလော တိုက်ခိုက်မှု ပုံစံအနေနဲ့ ဒုတိယမြောက် လေကြောင်းတိုက်ခိုက်မယ့် ဖြစ်နိုင်ချေအတွက် ကယ်ဆယ်ရေးသမားတွေ၊ ရှေးဦးသူနာပြုတွေ၊ သတင်းထောက်တွေဟာ အဆောက်အဦရဲ့ အဝေးကို အမြန်ပြေးပြီး မြေပေါ်မှာ ဝပ်နေခဲ့ရပါတယ်။
ယူကရိန်း ပြည်ထဲရေး ဝန်ကြီးကတော့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ဆိုင်ထဲမှာ အတော်များများ ရှိနေလို့ အနားက ကုန်လှောင်ရုံတွေဆီ ကူးစက်နိုင်ချေရှိနေတယ်၊ ရန်သူက ထပ်ပစ်ခတ်နိုင်တဲ့ စဉ်ဆက်မပြတ် ခြိမ်းခြောက်မှုလည်း ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကလည်း တကယ်လို့ ယူကရိန်းမှာသာ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ ခေတ်မီတိုက်လေယာဉ်တွေ လုံလုံလောက်လောက်ရှိခဲ့ရင် ရုရှားက ခုလိုတိုက်ဖို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် လေကြောင်းရန်ကာကွယ်ရေး သိသိသာသာ အားဖြည့်ဖို့ ကျနော်တို့ လိုအပ်နေတယ်ဆိုတာ နိုင်ငံအားလုံးနဲ့ ခေါင်းဆောင်အားလုံးကို မေတ္တာရပ်ခံ နေတာပါလို့ စနေနေ့ ပစ်ခတ်မှုအပြီးမှာ ပြောခဲ့ပါတယ်။
Source/Photo - REUTERS/Sofiia Gatilova