မြောက်ကိုရီးယားဟာ ဂြိုဟ်တုလွှတ်တင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေနိုင်ခြေ အရိပ်အယောင်တွေကို ထောက်လှမ်းတွေ့ရှိခဲ့ပြီး အဲဒါဟာ ဒုတိယမြောက် စစ်ထောက်လှမ်းယာဉ်ကို ပတ်လမ်းကြောင်းမှာ ထားရှိဖို့ နျူကလီးယား လက်နက်ပိုင်ရှင် မြောက်ကိုရီးယားရဲ့ ကြိုးပမ်းမှု ဖြစ်လာနိုင်တယ်လို့ တောင်ကိုရီးယားစစ်တပ်က မေ ၂၄ ရက်မှာ ပြောကြားပါတယ်။
မြောက်ကိုရီးယားရဲ့ အဓိက အာကာသပျံသန်းရေးဌာန အခြေစိုက်ရာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ဒေသဖြစ်တဲ့ ဒုံးချန်းရီမှာ အဲဒီလှုပ်ရှားမှုတွေကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားတာဖြစ်ပြီး အသေးစိတ်ကိုတော့ မပြောပါဘူး။
တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်တွေဟာ မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား စစ်ဘက်အရာရှိတဦးက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ပထမဆုံး သူလျှိုဂြိုဟ်တုကို မနှစ်က လွှတ်တင်ခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ကမ္ဘာ့တခြားနေရာတွေ အကြားမှာ အိမ်ဖြူတော်နဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြန်လည်ကြည့်ရှု သုံးသပ်ခဲ့တယ်လို့ အခိုင်အမာ ဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံပိုင်မီဒီယာတွေကတော့ အဲဒီယာဉ်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ထုတ်မပြခဲ့ပါဘူး။
အဲဒီပစ်လွှတ်မှုကြောင့် မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေဆီမှ ပိတ်ဆို့အရေးယူမှုတွေ ခံခဲ့ရပြီး ဆိုးလ်အစိုးရကလည်း ၂၀၁၈ ခုနှစ်က ဖြောင်းယန်း(ပြုံယမ်း) နဲ့ ချုပ်ဆိုထားတဲ့ စစ်ရေးသဘောတူ စာချုပ်ရဲ့ တစိတ်တပိုင်းကို ဆိုင်းငံ့ခဲ့ပါတယ်။
အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ ဖြောင်းယန်း(ပြုံယမ်း) ကလည်း အဲဒီစစ်ရေးသဘောတူ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီး နယ်စပ်အနီးမှာ အရင်တုန်းက ဖြိုချထားတဲ့ အစောင့်စခန်းတွေကို ပြန်ထိန်းသိမ်း လုပ်ဆောင်ခဲ့ပါတယ်။ အပယ်ခံနိုင်ငံဟာ အခုနှစ်အတွင်း နောက်ထပ် ဂြိုဟ်တု ၃ လုံးကို လွှတ်တင်ဦးမယ်လို့ ကတိပြုခဲ့ပါတယ်။
Source/Photo - Reuters