စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖမ်းဆီးရမိထားတဲ့ မြန်မာစစ်တပ်ထုတ် ဒဂုံဘီယာနဲ့ မြန်မာဘီယာဖာတွေကို မေ ၂၄ ရက်နေ့မှာ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “စည်ပင်နဲ့ သယံဇာတဂိတ်မှာ ၃ ရက်တာ ဖမ်းဆီးရမိထားတဲ့ စစ်တပ်ထုတ် တားမြစ်ကုန်စည်ဖြစ်တဲ့ ဒဂုံဘီယာနဲ့ မြန်မာဘီယာဖာတွေကို အများပြည်သူမြင်ကွင်းရှေ့မှာ ဖျက်ဆီးခဲ့တာပါ” လို့ ပြောပါတယ်။
မေ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တားမြစ်ကုန်စည်တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေကိုလည်း အရေးယူဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
ကလေးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “တားမြစ်ကုန်စည်တွေနဲ့ ပတ်သက်ပြီး သယ်ဆောင်ရောင်းချတဲ့ လုပ်ငန်းရှင်တွေကိုလည်း လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့အညီ ဒဏ်ငွေပေးဆောင်စေခဲ့ပါတယ်” လို့ ပြောပါတယ်။
တားမြစ်ကုန်စည် စစ်ဆေးဖမ်းဆီးဖျက်ဆီးတာကို ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းအင်အားစုတွေ စုပေါင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Photos - ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့