၂၇ လရှိပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကျင်းပဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တက်ရောက်ကြဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၂၆ ရက်မှာ ဖိတ်ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း မော်စကိုတပ်တွေဟာ စစ်မြေပြင်မှာ ထိုးစစ်ဆင်နေသလို ယူကရိန်းမြို့ကြီးတွေကိုလည်း လေကြောင်းက အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။
လာမယ့်ဇွန်လအတွင်း ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိအားပေးနိုင်ဖို့ ကိယက်ဗ်က မျှော်လင့်နေပါတယ်။
မေ ၂၅ ရက်က ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ပုံနှိပ်တိုက် အပျက်စီးပုံထဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာ ဇလန်းစကီးက ဒီထိပ်သီးဆွေးနွေးပွဲဟာ ကမ္ဘာမှာ ဘယ်သူတွေက ဒီစစ်ပွဲကို တကယ်ရပ်ချင်တယ်ဆိုတာ ပြသမှာဖြစ်တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ပြောကြားထားပါတယ်။
ရုရှားကိုမဖိတ်တဲ့ ဆွေးနွေးပွဲဟာ အဓိပ္ပာယ်မရှိဘူးလို့ ပူတင်က ပြောထားပါတယ်။ လက်ရှိ စစ်မြေပြင်မျဉ်းအတိုင်း ရုရှားသိမ်းထားတဲ့ နယ်တွေကို ရမယ်ဆိုရင် အပစ်ရပ်ရေးဆွေးနွေးဖို့ ပူတင်ဘက်က အသင့်ရှိတယ်လို့ ရိုက်တာသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
ဇလန်းစကီးကတော့ အပစ်ရပ်တာဟာ ရုရှားအတွက် လက်နက်ပြန်စု၊ လူပြန်စုဖို့ အချိန်ပေးသလိုပဲ ဖြစ်မယ်လို့ တုံ့ပြန်ထားပါတယ်။
Source/Photo-Reuters