ရန်ကုန်၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ထွေအုပ်ရုံးကနေ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဧည့်စာရင်းစစ်ဆေးဖို့ ဘက်ထရီစက်ဘီးနဲ့သွားတဲ့ ထွေအုပ်ဝန်ထမ်းတဦး မေ ၂၆ ရက် ည ၁၀ နာရီက ဓားနဲ့ထိုးပြီး လုယက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အမှတ် ၈ ရပ်ကွက်မှာ ဧည့်စာရင်းစစ်ဆေးဖို့အတွက် မြို့နယ်ထွေအုပ်ရုံးမှ စာရေးဝန်ထမ်းတဦးကို စေလွှတ်ခဲ့ရာ လမ်းခုလတ်မှာ ဘေးတွဲဆိုင်ကယ်နဲ့ လူတစုက ဓားနဲ့ထိုးပြီး ဖုန်းနဲ့ ဘေးလွယ်အိတ်ကို လုယက်သွားတာလို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။
“ကျန်စစ်သားလမ်း စီးတီးမတ်နားမှာ ဘေးတွဲက နောက်ကလာလိုက်လာပြီး လုသွားတာ၊ ဓားနဲ့ထိုးသွားတာ၊ ရပ်ကွက်ထဲကလူတွေက ထွေအုပ်ဝန်ထမ်းကို ဆေးရုံပို့လိုက်တယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ် ပါသွားတယ်။”
ဓားနဲ့ထိုး လုယက်ခံရသူမှာ မြို့နယ်ထွေအုပ်ရုံးမှ အငယ်တန်စာရေး ကိုမျိုးဇော် ဖြစ်ပြီး ဓားဒဏ်ရာကြောင့် လှိုင်သာယာမြို့နယ်ဆေးရုံကို ပို့ဆောင်ထားရကာ ဒဏ်ရာက စိုးရိမ်ရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“ဘေးတွဲမောင်းတဲ့သူတွေကို ဗိုလ်မှူးကြည်သာဇော်က မွေးထားတာ၊ သတင်းပေးတွေပေါ့၊ လှိုင်သာယာလုယက်မှု ဖြစ်လိုက်ရင် ဘေးတွဲနဲ့လုတာ များတယ်။ မြို့နယ်ထွေအုပ်ရုံးနဲ့ ၈ ရပ်ကွက်ဆိုတာ ကားမှတ်တိုင် တမှတ်တိုင်လောက်ပဲဝေးတာ၊ ဒါမျိုးတွေက အမြဲဖြစ်နေကျ။”
လှိုင်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့လတွေကလည်း ဒယ်လီပို့ဆောင်သူတွေ၊ အလုပ်သမားတွေ၊ လမ်းသွားလမ်းလာတွေ မကြာခဏ ဓားနဲ့ထိုးပြီး လုယက်ခံနေရပေမဲ့ စစ်တပ်နဲ့ ရဲက ဖမ်းဆီးနိုင်ခြင်း မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။