Home
မြန်မာသတင်း
မူဆယ်-မန္တလေးလမ်းတွင် စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များ ငွေအမြောက်အမြား တောင်းနေ
DVB
·
May 27, 2024
MuSe-105-Mile

မူဆယ်-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် အပါအဝင် ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေက ငွေကြေးတောင်းခံတာတွေ များနေပြီး တနိုင်တပိုင် ကုန်ပစ္စည်း တင်ရင်လည်း ဖမ်းဆီးသိမ်းဆည်းတာတွေ ရှိနေတယ်လို့ ယာဉ်လိုင်းပြေးဆွဲနေသူတွေက ပြောပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ မူဆယ်မြို့နဲ့ မန္တလေးမြို့ကို ကူးသန်းသွားလာနေတဲ့ လမ်းပိုင်းမှာ စိုးမိုးထိန်းချုပ်နယ်မြေအလိုက် စစ်ကောင်စီတပ် အပါအဝင် ဒေသတွင်း တော်လှန်ရေးလက်နက်ကိုင် အဖွဲ့စည်းတွေက ငွေကြေးတောင်းခံနေကြတာလို့ ဆိုပါတယ်။

“မန္တလေးဆင်းတဲ့ကားတွေ မူဆယ်ကထွက်ပြီဆိုတာနဲ့ TNLA တွေ့တယ်၊ KIA တွေ့တယ်၊ MNDAA တွေ့တယ်၊ SSPP တွေ့တယ်။ အရင်က လူစစ်တယ်။ အခု ကုန်စစ်တယ်။ နှစ်ဖက်စလုံးကပဲ။ ဟာ..ပေးရတာပေါ့။ ၁၆ မိုင်ဂိတ်ရောက်ရင် အခက်အခဲဖြစ်တယ်။ ကုန်ပါလာရင် အဆင်မပြေဘူး” လို့ ယာဉ်လိုင်းပြေးဆွဲနေသူတဦးက ပြောပါတယ်။

မူဆယ်-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ကန့်သတ်ထားထဲ စားနပ်ရိက္ခာနဲ့ ကုန်စည်းတွေ ရှိသလို တိုင်းရင်းသားတပ်တွေက စစ်ကောင်စီထုတ်ကုန်တွေကို ကန့်သတ်ထားပါတယ်။

ဒါပေမဲ့ တနိုင်တပိုင် သယ်ဆောင်ရင် ဖမ်းဆီးတာရှိပြီး ကုန်ကားနဲ့ အစီးလိုက်တင်ရင်တော့ ငွေကြေးအမြောက်အမြားယူကာ ခွင့်ပြုနေတယ်လို့လည်း ဆိုပါတယ်။

“ပစ္စည်းက ဘာပစ္စည်းမှ မတင်ရဘူး။ အိမ်သုံးဆိုလာ သေးသေးလေးတွေ တပေခွဲ နှစ်ပေဟာလေးတွေတောင် x-ray က သိမ်းတယ် မရဘူး။ ဆန်တင်လို့ မရဘူး၊ ဆိုလာတင်လို့ မရဘူး ဒီလားရှိုးဘက်ကို။ TNLA က ထုတ်ထားတာက စစ်တပ်နဲ့ပတ်သက်တဲ့ကုန် ဘာမှမတင်ရဘူးဆိုတော့ တရုတ်ကုန်တွေတင်တယ်။ တရုတ်ကုန်တင်တော့လည်း စစ်တပ်နဲ့ ရဲက တလမ်းလုံးတောင်းတယ်။ တချို့ဆို ကားအစီးလိုက်တင်တယ်။ ၁၆ မိုင်မှာ သိန်းနဲ့ချီ ပေးတယ်။ ကျန်တဲ့ဂိတ်တွေကို လေးငါးသောင်းပေးတယ်။ ဥပမာ ၈ သိန်းဖိုးတင်ရင် ၄ သိန်းလောက် ကျန်တာပေါ့ အဲလိုမျိုး။ စစ်တယ်ဆိုတာကလည်း နည်းနည်းပါးပါးတင်ရင် ဖမ်းတယ်လေ။ ကားအစီးလိုက်တင်ရင်တော့ မဖမ်းဘူး။ အရင်လို မှောင်ခိုခေတ် ပြန်ဖြစ်သွားပြီလေ” လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်းရေးအတွင်း မူဆယ်-မန္တလေး လမ်းပိုင်းက တံတားတွေ ဖျက်ဆီးခံရတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ခရီးကြန့်ကြာတာတွေ ရှိနေတဲ့အပြင် နှစ်ဖက်တပ်တွေရဲ့ အခွန်အခ တောင်းခံမှုတာနဲ့ ကန့်သတ်တာတွေကြောင့် ဒေသတွင်း ပြည်သူတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။

ခွန်ဇော်ဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013