ဧပြီလအတွင်းက ကုလရင်ပြင်ထက်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လှုပ်လှုပ်ရှားရှားတွေ တွေ့ခဲ့ရတယ်။ ပထမ ဧပြီ ၄ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စစ်ကောင်စီကို လေယာဉ်ဆီ မရောင်းကြဖို့ နိုင်ငံတကာအစိုးရတွေအပေါ် တောင်းဆိုချက်။ အဖွဲ့ဝင် ၄၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ကုလလူ့အခွင့်အရေးကောင်စီက အဲဒီတောင်းဆိုချက်ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်တယ်။
ဧပြီ ၄ ရက်မှာပဲ ကမ္ဘာ့အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း မြန်မာ့အရေး တံခါးဖွင့်အစည်းအဝေး ကျင်းပခဲ့တယ်။ အကြမ်းဖက်စစ်ကောင်စီက မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက် လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးတွေသာ ကျင်းပခဲ့ရာကနေ ပထမဆုံးအကြိမ် တံခါးဖွင့်အစည်းအဝေး စတင်ကျင်းပခဲ့ခြင်း ဖြစ်တယ်။
အဲဒီ တံခါးဖွင့်အစည်းအဝေးမှာ မြန်မာအကြမ်းဖက်စစ်ကောင်စီအပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိခဲ့တယ်။ မြန်မာမှာ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးမှု ပြဿနာဟာ ကြီးထွားလာနေပြီ ဖြစ်သလို မြန်မာ့အရေးဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် သက်ရောက်နေရုံတင်မက နိုင်ငံတကာလုံခြုံရေးကိုပါ ခြိမ်းခြောက်လာနေပြီလို့ အဲဒီအစည်းအဝေးမှာ ဆိုခဲ့ကြတယ်။
တရားမဝင် စစ်ကောင်စီ စတင်ကျင့်သုံးလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်သူတွေ နေ့စဉ် အကြောက်တရားတွေနဲ့ ရင်ဆိုင်နေရတာတွေ၊ အကြမ်းဖက်စစ်ကောင်စီဟာ ကုလဆုံးဖြတ်ချက်နဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို ချိုးဖောက်နေတာတွေ….။ အဲဒါတွေကြောင့် မြန်မာရော ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် လုံခြုံရေးကောင်စီအနေနဲ့ ဒီထက်မက ထပ်တိုးဆောင်ရွက်ဖို့ လိုတာတွေကိုလည်း တံခါးဖွင့်ထားတဲ့ အခြေအနေကြောင့် ကြားသိခဲ့ရတယ်။
ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်က မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ နှုတ်ဆိတ်နေမှုအပေါ် စိတ်ပျက်မိကြောင်း ပြောသွားပါသေးတယ်။
ပြောရရင် အဲဒီ တံခါးဖွင့်အစည်းအဝေးမှာ မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ မိတ်ဆွေနိုင်ငံတွေက အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်သွားကြပြီး စစ်ကောင်စီရဲ့မိတ်ဖက် ရုရှားနိုင်ငံကတော့ အခုလို တံခါးဖွင့်အစည်းအဝေး လုပ်တာနဲ့ စစ်ကောင်စီကို ဖိအားပေး အရေးယူဖို့ တောင်းဆိုချက် အားလုံးအပေါ် ကန့်ကွက်ရှုတ်ချခဲ့တယ်။ မြန်မာ့အရေး ခြံစည်းရိုးပေါ် ခွထိုင်မြဲဖြစ်တဲ့ တရုတ်ကလည်း မြန်မာ့အရေးဟာ မြန်မာ့ပြည်တွင်းရေးဖြစ်ပြီး ဖိအားပေး အရေးယူမယ့်ပုံစံကို မထောက်ခံကြောင်း ပြောကြားခဲ့တယ်။
ဆိုတော့ လုံခြုံရေးကောင်စီအတွင်း တံခါးအလုံပိတ်ကာ ဘယ်သူ ဘာပြောမှန်းမသိတဲ့ အခြေအနေကနေ ရှေ့တလှမ်းတိုး တံခါးဖွင့်လိုက်ခြင်းအပေါ် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗီတိုအာဏာပိုင် ရုရှားနဲ့ တရုတ်တို့က မြန်မာ့အရေး နောက်ထပ် ခြေတလှမ်း ထပ်မတိုးဖို့ အတိအလင်း ကန့်ကွက်လိုက်ခြင်း ဖြစ်တယ်။ ပြောရရင် လုံခြုံရေးကောင်စီ လမ်းကြောင်းကနေ အကြမ်းဖက်စစ်ကောင်စီကို အရေးယူခွင့်ပြုမှာမဟုတ်ကြောင်း ရုရှားနဲ့ တရုတ်တို့က ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်တယ်။
ဆိုတော့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်၊ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးဖို့၊ အာဆီယံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ စာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့အချက်တွေဟာလည်း တောင်းဆိုရုံ တောင်းဆိုတဲ့ အဆင့်ကနေ ဒီအချက်တွေကို မလုပ်ရင် အရေးယူမယ်ဆိုတဲ့ အဆင့်ဆီ ဆက်တက်နိုင်တော့မှာ မဟုတ်ကြောင်း တံခါးဖွင့်အစည်းအဝေးက ဖော်ပြနေပါတယ်။
လုံခြုံရေးကောင်စီမှာ အဲဒီလို တံခါးဖွင့်အစည်းအဝေး ကျင်းပပြီး နောက်တရက်ဖြစ်တဲ့ ဧပြီ ၅ ရက်မှာ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘိရှော့ပ် (Ms. Julie Bishop) ကို ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၂ ရက်က တာဝန်ပြီးဆုံးခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ နေရာမှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ မစ္စနိုလင်းဟေဇာ တာဝန်ပြီးဆုံးပြီးနောက် သူ့ရဲ့နေရာမှာ ဘယ်သူ့ကိုမှ မခန့်ဘဲ လစ်ဟာခဲ့ရာက ဧပြီ ၅ ရက်ကျမှ ခန့်အပ်ခဲ့ခြင်းပါပဲ။
မစ္စနိုလင်းဟေဇာဟာ အထူးကိုယ်စားလှယ်တာဝန်ကို တနှစ်ခွဲကြာ ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့သက်တမ်းအတွင်း ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ နေပြည်တော်ကို တခေါက်သွားခွင့်ရခဲ့ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့်မရခဲ့ပါဘူး။ မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုကလည်း ဘာမှ မထူးခြားခဲ့တာကြောင့် နေပြည်တော်အထိသွားပြီး သွေးစွန်းနေတဲ့ မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တာသာ အဖတ်တင်ခဲ့တယ်လို့ ဝေဖန်ခံခဲ့ရပါသေးတယ်။ မစ္စနိုလင်းဟေဇာမှ မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းကလည်း ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းလည်း နေပြည်တော်သို့ မျှော်လင့်တကြီး ရောက်ရှိကာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ မင်းအောင်လှိုင်ရဲ့ သူသည်သာ အမှန်၊ စစ်ကောင်စီကို ဝိုင်းထောက်ခံကြဆိုတဲ့ လက်ချာကိုသာ နားထောင်ခဲ့ရဟန် တူပါတယ်။ ပြောရရင် မင်းအောင်လှိုင်နဲ့ တွေ့ခဲ့တဲ့ မစ္စနိုလင်းဟေဇာရော ဘန်ကီမွန်းပါ နောက်တကြိမ် မင်းအောင်လှိုင်နဲ့ ထပ်တွေ့ဖို့ မလိုတော့ကြောင်း ကောင်းကောင်း သဘောပေါက်ခဲ့ဟန် တူပါတယ်။
အခုတော့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် မစ္စ ဂျူလီ ဘိရှော့ပ်။ ဧပြီ ၅ ရက်မှာ တာဝန်စတင်ခဲ့တယ် ဆိုပေမဲ့ ဒီနေ့ထိတိုင် မြန်မာ့အရေး တစုံတရာ အပြောအဆိုပင် မကြားရသေးပါဘူး။ အထူးကိုယ်စားလှယ်သစ် တာဝန်ယူပြီးနောက် အကြမ်းဖက်စစ်တပ်က ဆေးရုံတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရစရာမရှိအောင် ပျက်စီးသွားတာတွေ၊ မေလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္ထောကျေးရွာမှာ ဒေသခံ ၃၃ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာတွေက အထူးကိုယ်စားလှယ်သစ် ဘယ်လိုရှေ့ဆက်မလဲလို့ မေးခွန်းထုတ်နေပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေ တွေ့ဆုံခွင့် တောင်းဆိုမှုအပေါ် စစ်ကောင်စီပြောခွင့်ရက စစ်ကောင်စီရဲ့ နိုင်ငံရေးရည်ရွယ်ချက်ကို အထောက်အကူမပြုဘူးလို့ဆိုကာ ငြင်းပယ်ခဲ့ခြင်းကလည်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းကြောင်းအပေါ် ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။
ဆိုတော့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မရှိတာထက်စာရင် ရှိတာက မြန်မာ့အရေးနဲ့ပတ်သက်ပြီး တစုံတရာ စူးစိုက်မှုတခု ဖြစ်နေစေတာကြောင့် ကောင်းတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ စစ်ကောင်စီ လုံးဝအဖက်မလုပ်တဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုသာ မျက်စိစုံမှိတ် ဆုပ်ကိုင်ထားကြခြင်းနဲ့ အရေးယူမှုလုပ်ငန်းစဉ် မရှိတဲ့ မြန်မာ့အရေး ကုလဆောင်ရွက်ချက်တွေဟာ မြန်မာပြည်သူတွေကို စစ်ကောင်စီ စိတ်ကြိုက်သတ်နေတဲ့အပေါ် သွေးအေးအေးနဲ့ ထိုင်ကြည့်နေကြသလိုပါပဲ။
အတိအလင်း ထပ်ပြောရရင် မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ချိန်ကနေ ဒီနေ့အထိ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်တွေဟာ ရေပေါ်အရုပ်ရေးနေသလို ဖြစ်နေတာကြောင့် မြန်မြန်ဆန်ဆန် ရပ်သင့်ပြီ ဖြစ်ပါကြောင်း မောင်းခတ်ချင်ပါရဲ့ဗျာ။