Home
မြန်မာသတင်း
ကျွန်းစုတွင် စိတ်ကြွဆေး ရောင်းဝယ်ဖြန့်ဖြူးသူ ၄ ဦးကို PDF ဖမ်းဆီး
DVB
·
May 27, 2024
KyuneSuDrug _27052024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ မေလအတွင်း WY စိတ်ကြွဆေးပြား ရောင်းဝယ်ဖြန့်ဖြူးသူ ၄ ဦးကို သွားရောက်ဖမ်းဆီး အရေးယူခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မေ ၂၂ ရက် မနက် ၅ နာရီခွဲလောက်က မဲတောကျေးရွာအုပ်စု၊ စစ်ဘုကျေးရွာမှာ နေထိုင်တဲ့ အမျိုးသား ၃ ဦးကို ဒေသခံပြည်သူတွေရဲ့ တိုင်ကြားချက်အရ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပြီး သူတို့နေအိမ်တွေအတွင်း WY စိတ်ကြွဆေးပြားတွေကို သက်သေခံပစ္စည်းတွေနဲ့အတူ လက်ဝယ်ဖမ်းဆီးမိခဲ့တာလို့ ကျွန်းစုပကဖအဖွဲ့က မေ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မေ ၁၆ ရက် မနက်ပိုင်းမှာတော့ ကျွဲခရံကျေးရွာအုပ်စု ယမုံရွာမှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦးကို WY စိတ်ကြွဆေးပြား ရောင်းဝယ်ဖြန့်ဖြူးနေတယ်လို့ သတင်းရရှိတဲ့အတွက် သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

ကျွန်းစုပကဖ ပြန်ကြားရေးတာဝန်ခံတဦးက “ယမုံရွာမှာဆိုရင် ရဲဘော်တွေ အရပ်ဝတ်နဲ့ သွားတဲ့အခါမှာ ရဲဘော်မှန်းမသိဘဲ သုံးလုံး ၅,၀၀၀ နဲ့ လိုက်ရောင်းနေတာပါ။ ဒေသခံ ပြည်သူတွေက သူတို့ရွာမှာ ဒီမူးယစ်ဆေးဝါးတွေ လာဖမ်းပေးပါဆိုပြီး လာပြောထားတာ ရှိတော့ ဖမ်းမိခဲ့တာပါ။ သူတို့အိမ်တွေမှာပဲ မိတယ်။ ပစ္စည်းနဲ့တကွ မိတာပါ” လို့ ပြောပါတယ်။

အဆိုပါ ၄ ဦးထဲက အသက် ၃၉ နှစ်အရွယ် အမျိုးသားကိုတော့ အရေးယူ ဆောင်ရွက်ပြီးနောက် ခံဝန်ကတိနဲ့ လက်မှတ်ရေးထိုးပြီး ပြန်လွှတ်ပေးလိုက်ကာ ကျန်တဲ့ ၃ ဦးကိုတော့ အရေးယူဆောင်ရွက်ဖို့အတွက် ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ ၄ ဦးထံကနေ ဖမ်းဆီးရမိတဲ့ WY စိတ်ကြွဆေးပြား အလုံး ၁,၂၁၀ ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

မေ ၂၂ ရက် မနက် ၁၀ နာရီခွဲလောက်ကလည်း ဘဒ္ဒနဲကျေးရွာအုပ်စု မန်းကြီး မြစ်ဂလစ်ဝ အနီးမှာ ပျူစောထီးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သလို နောက်တနေ့ မေ ၂၃ ရက် နေ့လယ် ၂ နာရီမှာလည်း ရှော်တောမော်ကျေးရွာရှိ စစ်ကောင်စီရေတပ် စစ်သင်္ဘော ၁၁၆ ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မေ ၂၆ ရက်က ထုတ်ပြန်ထားပါတယ်။

အဆိုပါလုပ်ဆောင်ချက်တွေကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီ ကာကွယ်ရေး ပြောက်ကျားတို့ အတူပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရေတပ်ဌာနချုပ်တည်ရှိတဲ့ ကျွန်းစုမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးတာတွေ အများအပြားရှိနေပြီး ဒေသတွင်း ရဲတပ်ဖွဲ့ကနေ အရေးယူဆောင်ရွက်တာ နည်းပါးနေသလို စစ်ကောင်စီရေတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြားမှာလည်း မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024